Entertainment

ပြည်ပမှာ အောက်ခြေသိမ်း အလုပ်က စပြီး ပညာသင်ခဲ့တဲ့ ဒါရိုက်တာ စတီးလ်

Want create site? Find Free WordPress Themes and plugins.

“ခိုးဆိုးလုနှိုက်”၊ “တောကျီးကန်း”၊ “ပွဲခံမယ်” အစရှိတဲ့ ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးခြင်းခံထားရတဲ့ ဒါရိုက်တာတဦး ဖြစ်တဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ဟာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးနေပြီး သူကတော့ တချိန်က သရုပ်ဆောင် မင်းသားကြီး ဒွေး သက်ရှိ ထင်ရှားရှိနေတဲ့ အချိန်ကတည်းက ဒွေးနဲ့အတူ တောက်လျှောက် လိုက်ပြီး ရိုက်ကွင်းအနေအထား ရုပ်ရှင်အကြောင်းကို လေ့လာခဲ့သူ တဦးပါ။

ရိုက်ကူးရေးမှာလည်း စနစ်တကျနဲ့ အလုပ်ကို ပီပြင်စွာ လုပ်ကိုင်နေသူတယောက် ဖြစ်တဲ့ ဒါရိုက်တာ စတီးလ်ကို လက်ရှိ မြန်မာ့ရုပ်ရှင် လောကအပေါ် အမြင်များ၊ ဗီဒီယို ဈေးကွက်အပေါ် အမြင်များ၊ ဆင်ဆာစနစ်အပေါ် အမြင်များနဲ့ ပတ်သတ်ပြီး ဧရာဝတီ သတင်းထောက် ချစ်ပိုးက ဒါရိုက်တာ စတီးလ်နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ လက်ရှိ မြန်မာရုပ်ရှင်လောကအပေါ် ကိုစတီးလ်အနေနဲ့ ဘယ်လိုမြင်လဲ၊ အစ်ကို့ စိတ်က ဘယ်လို ခံယူထားလဲ။

ဖြေ။ ။ ဒါက အဖြေရှင်းပါတယ်။ ကိုယ်ကောင်းတာ လုပ်ရင်တော့ ဒီနေ့ကောင်းတဲ့ အကျိုးကျေးဇူးကို ချက်ချင်း မခံစားရပေမယ့် နောက်တရက် ဖြစ်မယ်၊ နောက်တလ ဖြစ်မယ်။ နောက်တနှစ် ဖြစ်မယ်။ အဲဒီ ကိုယ်လုပ်ခဲ့တဲ့ အကျိုးကျေးဇူးကို ခံစားရမှာပဲလေ။ ကျနော်ကတော့ အဲ့လိုပဲ ခံယူထားတယ်။ ဒီနေ့ ကျနော် လုပ်နေတဲ့ အလုပ်က ကျနော်ဟာနဲ့ ကျနော် စနစ်တကျ လုပ်နေတာ။

ဒီနေ့ ကျနော် အကျိုးကျေးဇူး မခံစားရပေမယ့် နောက် ၆ လမှ ခံစားရင် ခံစားရမယ်။ နောက်တလမှ ခံစားရင် ခံစားရမယ်။ ကိုယ်ကောင်းတာ လုပ်ရင်တော့ ကိုယ့်အတွက် အကျိုးကျေးဇူးရှိမှာပဲဆိုတဲ့ ခံယူချက်ပဲ ကျနော်က ထားတယ်။

မေး။ ။ ရုပ်ရှင်လောကကို ဘယ်လိုမျိုး ပြောချင်လဲ။

ဖြေ။ ။ ကျနော်ကတော့ သူများကို မဝေဖန်ပါဘူး။ ဝေဖန်ရဲတဲ့ အဆင့့်လည်း မရှိပါဘူးဗျ။ ကျနော် အကောင်းဆုံး ဖြစ်အောင်လုပ်မယ်။ ကျနော့် အလုပ်ကို ကျနော်သစ္စာရှိအောင် လုပ်မယ်။ အလုပ်ပေါ်မှာ သစ္စာထားမယ်။ အလုပ်ကို ချစ်မယ်။ ဒီလိုစိတ်နဲ့ပဲ ကိုယ့်ဟာကိုယ်သွားနေတဲ့အတွက်ကြောင့် သူများတွေ ဘယ်လိုသွားနေတယ်။ ဘယ်လို လုပ်နေတယ်ဆိုတာ မလေ့လာချင်ပါဘူး။ ကိုယ်လုပ်ရမှာကိုပဲ တစိုက်မတ်မတ် သွားချင်တယ်။ အဲ့လိုစိတ်နဲ့ပဲ ကျနော် သွားမယ်။ ကျနော်တို့ ရုပ်ရှင်လောကကိုတော့ မဝေဖန်ရဲပါဘူး။

မေး။ ။ ဗီဒီယိုဈေးကွက်က သိပ်မကောင်းတော့ဘူးTV Channel တွေကလည်း များလာတော့ ပရိသတ်တွေက အခွေ ငှားမကြည့်တော့ဘူး။ Channel ကပဲကြည့်နေတော့ ဗီဒီဈေးကွက် ပျက်လာကြတယ်လို့ ပြောကြတဲ့အပေါ် အစ်ကိုအနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ ရုပ်ရှင်က ဈေးကွက ်မဟုတ်တော့ဘူး။ အခု ကျနော် သိသလောက်က အရင်က ရုပ်ရှင်ဈေးကွက် ဘာရိုက်ရိုက် ရုံတင်လိုက် ရုံတင်လည်း ပြတယ်။ ဘာရိုက်ရိုက် တန်းစီစနစ်နဲ့ တင်လိုက်၊ သူ့ဟာသူ အချိန်တန်ရင် ရုပ်ရှင်ပြရမယ် ဆိုတာသည် ရုပ်ရှင်ဈေးကွက်၊ အခု ရုပ်ရှင်ဈေးကွက် မဟုတ်တော့ဘူး။

အခုက ဘာရိုက်ရိုက် ရုံတင်လို့ မရဘူး။ ရုံပိုင်ရှင်လည်း ကျေနပ်မှ အများပြည်သူလည်း ကြိုက်မှ ရုပ်ရှင်ဇာတ်ကား တကားက ရုံတင်လို့ရမှာ။ အဲ့တော့ ရုပ်ရှင်ဈေးကွက်က လွယ်လွယ်လေးလုပ်လို့ မရဘူး။ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ရုပ်ရှင်ရိုက်ပြီး ရုံတင်လို့ မရဘူး။ အများကြီး သက်ဆိုင်သွားပြီ၊ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်ရော၊ အင်တာနက်မှာ ကြေညာတော့ စိတ်ဝင်စားမှု ရှိမရှိရော ဒီရုပ်ရှင်ကို ကြည့်သင့်၊ မကြည့်သင့် အဲ့လို ဝေဖန်တယ်။

ပြီးတော့မှ ပရိသတ်က ဆုံးဖြတ်တာလေ။ ကောင်းတယ်ဟေ့ ဆိုမှ လာတာ မကောင်းဘူးဟေ့ဆိုရင် ပရိသတ်က လုံးဝကို မလာတော့ဘူး။ အဲ့လို ဖြစ်သွားတဲ့အတွက် ရုပ်ရှင်ဈေးကွက်က ကျနော်သိသလောက်တော့ ရုပ်ရှင်ကို သဘောစေတနာ ထားပြီး ကောင်းကောင်း လုပ်ရင်တော့ ကောင်းတဲ့ အကျိုးကျေးဇူးကို ခံစားရမှာပဲ။

ဒါရိုက်တာ စတီးလ် /စတီးလ် Facebook

မေး။ ။ ဆင်ဆာနဲ့ ပတ်သတ်ပြီးတော့လည်း ကိုစတီးလ် အမြင်ကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်ကတော့ ဘာအခက်အခဲမှ မရှိဘူး။ ကျနော်က မရိုက်ခင်ကတည်းက ဇာတ်လမ်း တင်လို့ရှိရင် အကုန် ပြည့်စုံအောင် တင်တယ်။ ကျနော်ဇာတ်လမ်းမှာ ဘယ်အခန်း ဘယ်လိုသုံးမယ်။ ဘယ်အခန်းကို ဘယ်လို ရိုက်ချင်ပါတယ် ဆိုပြီး တင်တယ်။ တင်ပြီးသွားတဲ့ အခါကျတော့ ဟိုဘက်က ဇာတ်လမ်းပြင်ဆင်ချက်ဆိုပြီး ထုတ်တယ်။ ပြင်ဆင်ချက် ထုတ်ရင် ကျနော်တို့က ပြင်လို့ မရတာရှိရင် ကျနော်တို့က ဦးတိုက် ဆွေးနွေးတယ်။ သူတို့ကလည်း အတတ်နိုင်ဆုံးတွေကို လုပ်ပေးပါတယ်။ ကျနော်က မရိုက်ခင်တည်းက ဇာတ်လမ်းပြတယ်။

ရိုက်ပြီးသွားရင်လည်း ဆင်ဆာတင်တဲ့အခါ သူတို့ဘက်က ဖြတ်ရမှာရှိရင် အကျိုးအကြောင်း တင်ပြတယ်။ ကျနော့်ကား တွေတော့ ဆင်ဆာ မညှိပါဘူး။ ကျနော်လုပ်နေတဲ့ ပုံစံကို ပြောပြတာပါ။ သူများတော့ ဘယ်လိုလုပ်လဲ ကျနော် မသိပါဘူး။

မေး။ ။ ကိုစတီးလ်နဲ့ အလုပ်တွဲလုပ်ရာမှာ အဆင်မပြေတဲ့ အနုပညာရှင်တွေရော ရှိလား။

ဖြေ။ ။ ကျနော်က အကုန်လုံးနဲ့ အဆင်ပြေတယ်။ အဆင်မပြေတာ မဟုတ်ဘူး။ အလုပ်နဲ့ ပတ်သတ်ရင်သာ အဆင်မပြေတာ။ ကျနော် အလုပ်ပေါ်မှာ အထိခိုက်မခံဘူး။ ကျနော်ကို ဘာဖြစ်၊ ညာဖြစ်တယ်ဆိုပြီး ပြောရင်ပြောမှာပေါ့။ ကျနော်ကိုက ကျနော့်အလုပ်ကို အထိခိုက် မခံတာကြောင့် အဆင်မပြေတာပဲ ရှိရင် ရှိပါလိမ့်မယ်။

မေး။ ။ အိန္ဒိယ ဒါရိုက်တာတွေနဲ့ရော အလုပ်တွဲလုပ်ဖို့ ရှိဦးမလား။

ဖြေ။ ။ အိန္ဒိယ ဒါရိုက်တာတွေနဲ့ မြန်မာပြည်မှာတော့ ရိုက်ဖို့ မရှိပါဘူး။ ကျနော်ကတော့ မကြာမကြာ ဟိုမှာ ပညာသင် ဆိုတာထက် အောက်ခြေသိမ်း လုပ်ပြီးအားရင် အားသလိုတော့ သွားပြီး ပညာသင်ယူပါတယ်။ ဟိုမှာဆိုရင် ကျနော် တောက်တိုမယ်ရ အလုပ်လေးတွေ ဝင်လုပ်တာပြီး ပညာသင်တာလောက်ပဲ ရှိတာပေါ့။ ကျနော်ကတော့ သူတို့နဲ့ ရိုက်ဖို့ သိပ်မလွယ်ဘူး။ အကယ်လို့ သူတို့ရိုက်မယ်လို့ ကမ်းလှမ်းလာခဲ့သည်ရှိသော် ကျနော်တို့ မြန်မာပြည်မှာ လုပ်နေတဲ့ လူငယ်တွေနဲ့ ကျနော် ချိတ်ဆက်ပေးလိုက်မှာပါ။

ချိတ်ဆက်ပေးပြီး သူတို့နဲ့ တွဲလုပ်ပြီး ကျနော်ကကြားကနေ ကျနော် ပူးပေါင်းမယ်လို့ စိတ်ကူးထားတယ်။ ကျနော်နဲ့က တွဲဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်သိထားတဲ့ အသိနဲ့ သူတို့သိထားတဲ့ အသိနဲ့က အဝေးကြီး ဖြစ်သွားပြီ။ ရှင်းရှင်းပြောရရင် ကျနော်တို့က အင်္ဂလိပ်စကားပြော မကောင်းဘူး။ မကောင်းတော့ သူတို့က အကောင်းစားတွေနဲ့ လာတဲ့ အခါကျတော့ ကျနော်နဲ့ ပူးပေါင်းမယ် ဆိုတာထက် လက်ရှိလူငယ်တွေနဲ့ ပူးပေါင်းပေးလိုက်ရင် အဆင်ပြေမယ်လို့ မြင်မိတယ်။ အဲ့အတွက် သူတို့ဘက်ကကမ်းလှမ်းလာရင် လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူငယ်တွေနဲ့ ပူးပေါင်း ပေးလိုက်မှာပါ။

မေး။ ။ အဲ့ဒီ အိန္ဒိယရိုက်ကူးရေးတွေနဲ့ မြန်မာနိုင်ငံက ရိုက်ကူးရေးတွေ ဘာတွေကွာခြားလဲ။

ဖြေ။ ။ ကွာခြားတာပေါ့။ သူတို့ဆီက ဈေးကွက်ပေါ့။ သူတို့ဆီက ရုပ်ရှင်ကားတကား သုံးတဲ့ ဘတ်ဂျက်နဲ့ မြန်မာပြည်မှာ သုံးရတဲ့ ဘတ်ဂျက်နဲ့က ဆီနဲ့ရေ ကွာတယ်။ သူတို့ လုပ်တဲ့ စနစ်က အချိန်ပေးတယ်။ အချိန်တိုင်း အချိန်တိုင်းမှာ စက်မှုပညာ လက်မှုပညာတွေနဲ့ ငွေအင်အားနဲ့ သူတို့သုံးတယ်။ ဒီမှာက အချိန် မပေးနိုင်ဘူး။ စက်မှုပညာ အင်အား သိပ်မသုံးနိုင်ဘူး။ အဲ့တာတွေ ကွာခြားမှုဖြစ်တဲ့ အတွက်ကြောင့် သူတို့နဲ့ကျနော်တို့နဲ့ ဈေးကွက် ကွာတယ်လို့ ပြောလို့ရတယ်။ ဥပမာပေါ့။ ကျနော်တို့ဆီမှာ ရုပ်ရှင်ရုံ အားလုံးပေါင်းမှ ရုံ ၁၀၀ ပဲ ရှိမယ်။ သူတို့ဆီမှာ ရုပ်ရှင်ရုံက မြို့တမြို့မှာတင် ရုပ်ရှင်ရုံက ရာနဲ့ချီ ရှိတယ်။ အဲ့လိုတွေ ကွာခြားပါတယ်။ ။

ဆက်စပ် သတင်းလင့်ခ်“အရင်တည်းက ရုပ်ရှင်တွေကို မှီငြမ်းရိုက်ကူးတာ ရှိတယ်” ဆိုတဲ့ ဒါရိုက်တာ စတီးလ် 

Did you find apk for android? You can find new Free Android Games and apps.
Loading