Entertainment

“သရုပ်ဆောင်တာ ခံစားချက်ပါရင် အတွေ့အကြုံက အရေးမကြီးဘူး”ဆိုတဲ့ ဖြိုးငွေစိုး

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ဖြိုးငွေစိုးကတော့ မကြာခင်မှာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် “နှလုံးသားကို ဝင်ချည် ထွက်ချည်လုပ်တဲ့ ဧည့်သည်”ရုပ်ရှင်ဇာတ်ကားကြီးမှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်လောကမှာ အချိန်ကြာမြင့်စွာ ရပ်တည်နေသူ သရုပ်ဆောင်ဖြိုးငွေစိုးက သရုပ်ဆောင်မှုအပိုင်းနဲ့ ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“တကယ်ခံစားချက်ပါရင် အတွေ့အကြုံက အရေးမကြီးပါဘူး။ ခံစားချက် တကယ်ရှိရင် ဒီဇာတ်လမ်းပေါ်မှာ တကယ် စိတ်ခံစားထားရင် အတွေ့အကြုံက ပြဿနာ မရှိပါဘူး။ လူတယောက်မှာ အိုက်တင်တခု ဆိုတာက ကျနော်လုပ်ရင် ကျနော့်အိုက်တင်၊ သူလုပ်ရင် သူ့အိုက်တင်၊ အဲဒါကို မှန်တယ်၊ မှားတယ် သွားပြောလို့ မရဘူး။ ကောင်းတယ် မကောင်းဘူး ပြောလို့ မရဘူး။ ကြိုက်တယ် မကြိုက်ဘူး ပြောလို့ရတယ်။ သူတို့သရုပ်ဆောင်မှုကို  ကောင်းတယ် မကောင်းဘူး၊ အတွေ့အကြုံ ရှိတယ်၊ မရှိဘူး ဝေဖန်လို့ မရဘူး။ ဒါ သူ့သရုပ်ဆောင်မှုပါ” လို့ ဖြိုးငွေစိုးက ပြောပါတယ်။

အဲဒီ ရုပ်ရှင်ကားမှာတော့ ဖြိုးငွေစိုးက ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားမှာ ဖြစ်ပြီး ရွှေထူး၊ ရွှေမှုံရတီ ၊ နေခြည်ဦး တို့က အဓိကပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ဖြစ်တာနဲ့ ပတ်သက်ပြီး ဖြိုးငွေစိုးက “ဇာတ်လမ်းလေးကို ကြိုက်လို့ပါ။ ဧည့်သည် အနေနဲ့ ပါဝင်တာက ဧည့်သည်အနေနဲ့ ပါမှ ကောင်းမှာမို့လို့ပါ။ စီစဉ်ထားတာကတော့ ပုံမှန်အတိုင်း စီစဉ်ထားတာ ကျနော်က သူတို့ကို တောင်းဆိုတာက ဧည့်သည်အနေနဲ့ ထားပါလို့။ အဲဒီလိုထားမှ လှမှာ။ ဒီ ၄ ယောက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ တယောက်ကို အခန်းကဏ္ဍ တခုစီ ရှိတာကို စာတန်းထိုးတော့သာ ဧည့်သည်အနေနဲ့ ထိုးတာပါ။ ကြည့်တော့လည်း သူ့ဟာနဲ့သူ ပါသွားမှာပါ”  လို့ ပြောပါတယ်။

မကြာခင်မှာလည်း ဟာသသရုပ်ဆောင် ကျော်ထူးနဲ့အတူ ဟာသဇာတ်လမ်းတွဲ တခုကို ရိုက်ကူးကာ အွန်လိုင်းက တဆင့် ပြသသွားမှာ ဖြစ်ပြီး အဲဒီဇာတ်လမ်းတွဲ တိုလေးကိုတော့ “ထို့ကြောင့် ဤအရာကို အရက်ဟုခေါ်သည်” လို့ နာမည် ပေးထားတယ်လို့ သိရပါတယ်။

“ကျနော်ဟာသ Mini Seires လေးတွေ ရိုက်ဖို့ ရှိပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ Seires လေးတွေရော လုပ်ဖို့ ရှိပါတယ်။ ဟာသ ဇာတ်လမ်းတွဲတိုလေး လုပ်တာကတော့ ကျနော်နဲ့ ကိုကျော်ထူး စကြ၊ နောက်ကြတာကို ပရိသတ်က ကြိုက်ကြတယ် ပြောတယ်။ ပရိသတ်က လုပ်စေချင်တယ်။ သူနဲ့ကျနော် နှစ်ယောက်တွဲပြီးတော့ ပရိသတ်နှစ်သက်မယ့် ပုံစံမျိုးဖြစ်အောင် ဇာတ်လမ်းပုံစံ ဆင်ပြီးတော့ ရိုက်ထားတယ်။ ဒါကို Facebook ကနေ တင်ပေးမယ်။ ဖုန်းနဲ့ ကြည့်လို့ရမယ့် အတိုင်းအတာလေးတခု လုပ်ထားပါတယ်” လို့ ဖြိုးငွေစိုးက ပြောပါတယ်။

ဟာသဇာတ်လမ်းတွဲရိုက်မှာ ဖြစ်တဲ့ ဖြိုးငွေစိုးဟာ ဟာသဉာဏ်ရှိတဲ့ သူတယောက်လား ဆိုတာကိုတော့ အခုလိုဆိုပါတယ်။  “ဟာသ ဉာဏ်ကတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဟာသနဲ့ပတ်သက်ပြီးတော့ကျတော့ ကျနော် မတတ်ဘူးဗျ။ ကျနော် လူရွှင်တော်လည်း မဟုတ်ဘူး”

“ဟာသ သရုပ်ဆောင်လုပ်မယ် ဆိုပြီး ငယ်ငယ်တည်းက လေ့လာဆည်းပူးခဲ့တာလည်း မဟုတ်ဘူး။ ဇာတ်လမ်းကို အလေးထားတယ်။ ဒီဇာတ်လမ်းက ရယ်စရာဖြစ်မယ်ဆို ရယ်စရာကောင်းအောင် စကားလုံးနဲ့ အမူအရာနဲ့လုပ်လို့ရတယ်။ အဲဒီအပိုင်းကို ရွေးချယ်ဖြစ်တယ်” လို့ ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading