တချိန်က “ပလာစတာလေး” ၊ “အချစ်တို့ပြန်ပေးပါ” စတဲ့ တေးသီချင်းတွေနဲ့ အောင်မြင်ခဲ့တဲ့ တေးသံရှင် ဇာလီနိုင်က သီချင်းဆိုလို့ မရအောင် အသံပျက်စီးသွားတာကြောင့် ပရိသတ်နဲ့ နှစ်အတော်ကြာဝေးကွာသွားခဲ့တာလို့ ဆိုပါတယ်။
“အရင်တုန်းက ၂၀၀၀ ပြည့်နှစ်မှာ အသံပျက်သွားပြီးတော့ နားလိုက်ရတယ်။ ၂၀၀၀ပြည့်နှစ်ကနေ စပြီး ကြိုးစားပြီး ကုနေတာ တော်တော်ကို ကြာပါတယ်။ ၂၀၁၆ ခုနှစ်၊ နှစ်ကုန်လောက်ကျတော့မှ ဘန်ကောက်မှာ သွားပြီးတော့ ခွဲစိတ်လိုက်မှ ပျောက်သွားပါတယ်။ လည်ချောင်းထဲက အသံထွက်တဲ့နေရာမှာ အသားမာပေါ့နော်။ စကားပြောလို့ မရဘူး။ လေက ထွက်မလာဘူး။ အခုကျတော့ ခွဲစိတ်လိုက်တော့ ရသွားပါတယ်” လို့ ဇာလီနိုင်က ဧရာဝတီကို ပြောပါတယ်။
အဲဒီအချိန်ကာလမှာ ပြန်ဆိုတေး အခွေတခွေကို ပြုလုပ်ရန် စီစဉ်ခဲ့ပေမယ့် အသံမထွက်တာကြောင့် သီချင်းဆိုလို့ မရတော့ဘဲ သီချင်းအခွေတွေ အကုန်လုံးကို လွှင့်ပစ်ခဲ့ရတယ်လို့ ဇာလီနိုင်က ပြောပါတယ်။
“အဲဒီတုန်းက ပြန်ဆိုတေးအခွေ လုပ်ထားသေးတယ်။ အဲဒီအခွေကို လွှင့်ပစ်လိုက်ရတယ်။ မခံစားနိုင်လို့။ အသံက မရတော့ မဆိုနိုင်မယ့် အတူတူ အားလုံး လွှင့်ပစ်လိုက်တယ်။ တော်တော်ကြိုးစားပြီးတော့ မြန်မာပြည်မှာ ကုတယ်။ ဘယ်လိုမှ မရဘူး။ လေဆာ ပစ်တယ်။ ဖြစ်တာကတခြား လေဆာပစ်တာက တခြားဖြစ်နေတယ်” လို့ ဇာလီနိုင်က ပြောပါတယ်။
နှစ်အတော်ကြာ သီချင်းမဆိုနိုင်ဘဲ နားနေခဲ့ရာမှ ခွဲစိတ်ကုသပြီးတဲ့အချိန် ၂၀၁၇ ခုနှစ်မှာတော့ ဇာလီနိုင်က “3Friends ဂီတမှတ်တိုင်”လို့ အမည်ပေးထားတဲ့ အခွေလေးကို သူမရဲ့ သူငယ်ချင်းများဖြစ်ကြတဲ့ အဆိုတော် ရိုဇန် ၊ ဝေယံထွန်းတို့နဲ့ တွဲဖက်သီဆိုကာ ထွက်ရှိထားခဲ့ပါတယ်။
ယခုရက်ပိုင်း အတွင်းမှာလည်း သူမအပါအဝင် တချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ အဆိုတော်တွေဖြစ်ကြတဲ့ တေးသံရှင် အိအိ၊ သီရိကိုကိုတို့နဲ့ အတူ “မြားသုံးစင်း” ဆိုတဲ့ အခွေလည်း ထွက်ရှိထားပါတယ်။
တေးသံရှင် ဇာလီနိုင်ကတော့ ၁၉၉၃ ခုနှစ်က စတင်ကာ တကိုယ်တော်အခွေ ထွက်ရှိခဲ့ပြီး သူမရဲ့ အသံ မပျက်စီးခင် ၂၀၀၀ ပြည့်နှစ်အထိ တကိုယ်တော် အခွေ ၅ ခွေ ထွက်ရှိခဲ့ပါတယ်။