တရုတ်အခွန် အာဏာပိုင်တွေဟာ ရုပ်ရှင်နဲ့ ရုပ်သံလုပ်ငန်းတွေမှာ အခွန်ရှောင်တဲ့လုပ်ငန်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုတွေကို စတင်လိုက်ပြီလို့ ဆိုပါတယ်။ ဥပဒေနဲ့ လျော်ညီစွာပဲ တရားမဝင် လုပ်ငန်းတွေဟာ ပြစ်ဒဏ်ခံရမှာ ဖြစ်တယ်လို့ နိုင်ငံတော် အကောက်ခွန် စီမံခန့်ခွဲရေးဌာနက ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ တခုထဲမှာ ဖော်ပြထားပါတယ်။
အနုပညာကြေးစာချုပ်မှာ စုစုပေါင်းဝင်ငွေရဲ့ တစိတ်တပိုင်းကိုသာ ဖော်ပြထားတဲ့အတွက် နာမည်ကျော် တရုတ်မင်းသမီး ဖန်ဘင်းဘင်း (Fan Bingbing) ဟာ အခွန်ရှောင်နိုင်တယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ဆွေးနွေးရာကနေ ဒီကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာတော့ နာမည်ကျော် ယဉ်ကျေးမှုဆိုင်ရာ ဝေဖန်သူနဲ့ CCTV သတင်း ကြေညာသူဟောင်း Cui Yongyuan က မင်းသမီး Fan ပါဝင်တဲ့ ၄ ရက်ကြာ ရိုက်ကူးရေး စာချုပ်တခုရဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ Weibo အကောင့်မှာ တင်ခဲ့ပါတယ်။
မင်းသမီးဟာ တရုတ်ယွမ် သန်း ၆၀ လောက် ရရှိမယ့် စာချုပ်တွေကို ချုပ်ဆိုထားခဲ့တယ်လို့လည်း ဆိုပါတယ်။ အွန်လိုင်း စွပ်စွဲသူတွေရဲ့ အဆိုအရ သတင်းတွေမှာဖော်ပြထားတဲ့ ယွမ်သန်း ၁၀၀ ထက် မင်းသမီးရဲ့ ဝင်ငွေ ယွမ်သန်း ၅ဝ ရဲ့ ကျန်ရှိတဲ့ ငွေပမာဏတွေဟာ အခွန်ပေးချေမှုကို ရှောင်ရှားဖို့ နည်းလမ်းတခုဖြစ်တဲ့ သီခြားလက်မှတ် ထိုးထားတဲ့ သဘော တူညီချက်တွေကနေ တဆင့် ပေးချေရရှိထားတယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးကိုတော့ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ်၊ ဝူရှီမြို့မှာ စတင်လိုက်ပြီ ဖြစ်တဲ့ အကြောင်းနဲ့ နောက်ထပ် ပြုလုပ်မယ့် လုပ်ဆောင်မှုတွေကို အလားတူ ကိစ္စရပ်တွေကို ကာကွယ်ဖို့နဲ့ တရားဥပေဒစိုးမိုးမှုရှိစေဖို့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း အကောက်ခွန် စီမံခန့်ခွဲရေး ဌာနက ဆိုပါတယ်။
မင်းသမီး Fan နဲ့ သူ့ရဲ့ စတူဒီယိုကတော့ အခွန်ရှောင်ဖို့ သီးခြားစာချုပ်တွေ လက်မှတ်ထိုး ချုပ်ဆိုထားတာ မရှိတဲ့ အကြောင်းနဲ့ စစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ပြောဆိုထားပါတယ်။ မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ စတူဒီယိုက မစ္စတာ Cui ဟာ သူ့ရဲ့ စွပ်စွဲချက်တွေနဲ့ မင်းသမီးကို နာမည် ဖျက်ခဲ့ပြီးတော့ မင်းသမီးရဲ့ အခွင့်အရေးတွေကိုလည်း ချိုးဖောက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။
A အဆင့်ရှိတဲ့ မင်းသမီး Fan Bingbing ဟာ ပြီးခဲ့တဲ့နှစ်မှာ ယွမ်သန်း ၃၀၀ ဝင်ငွေ ရရှိခဲ့တာကြောင့် 2017 Forbes China Celebrity List မှာ ထိပ်ဆုံးနေရာကို ရရှိထားသူဖြစ်ပါတယ်။
Ref: asiaone