Entertainment

ဒုတိယ တေးစီးရီးကို “ကျွန်တော် ရူးနေသည်” လို့ နာမည်ပေးထားတဲ့ သာဒီးလူ

Want create site? Find Free WordPress Themes and plugins.

လတ်တလော ရုံတင်ပြသနေတဲ့ “ ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားထဲက “လိုသလိုသုံး”သီချင်းကို ပါဝင် သီဆိုထားပြီး ပရိသတ်များရဲ့ အားပေး နှစ်သက်ခြင်းကို ရရှိထားတဲ့ အဆိုတော် သာဒီးလူက ဒုတိယမြောက် တကိုယ်တော် တေးစီးရီးခွေ မကြာခင် ထွက်ရှိဦးမယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“၇ လပိုင်းထဲမှာ ဒုတိယခွေလေး ထွက်ဖို့ ပြင်ဆင်နေပါတယ်။ တေးစီးရီး နာမည်က “ကျွန်တော် ရူးနေသည်”လို့ နာမည် ပေးထားပါတယ်။ ပထမအခွေနဲ့ ဒုတိယအခွေက ကြားမှာ အချိန် ၃ နှစ်လောက်တော့ ကွာသွားပါတယ်”လို့ အဆိုတော် သာဒီးလူက ဆိုပါတယ်။ အဆိုတော် သာဒီးလူကတော့ “ပြည့်တန်ဆာ”ဆိုတဲ့ သီချင်းနဲ့ လူကြိုက်များခဲ့တဲ့ အဆိုတော် တဦးပါ။

ဇာတ်ဝင်တေးသီချင်း ဆိုဖြစ်တာနဲ့ ပတ်သက်ပြီး သာဒီးလူက “ကျနော့်ကို ကိုဘိုဆန်းက လာကမ်းလှမ်းတာနဲ့ ‘လိုသလိုသုံး’ သီချင်းလေးကို ဇာတ်ကားထဲမှာ ထည့်သုံး ဖြစ်သွားတယ်။ အဲ့သီချင်းက ပထမ ‘သစ္စာစူးကြသူများ’ ဆိုတဲ့ အခွေထဲမှာ ပါထားတဲ့ သီချင်းလေးပါ။ အဲဒီအခွေလေးကလည်း Bo Bo ကပဲ ဖြန့်တာပေါ့။ သီချင်းကို နားထောင်ရင်းနဲ့ သူကြိုက်တော့ ကျနော့်ကို ရဲရင့်အောင်တို့၊ လွှမ်းပိုင်တို့၊ ဖွေးဖွေးတို့ ရိုက်ထားတဲ့ ကားထဲမှာ သီချင်းလေး ထည့်သုံးချင်တယ် ဆိုတာနဲ့ သုံးဖြစ်သွားတာပါ။ ပြည့်တန်ဆာ သီချင်းလေးလည်း အဲ့လိုပါဘဲ။ ကိုဘိုဆန်းချိတ်ပေးတာနဲ့ပဲ သုံးဖြစ်တာပါ”လို့ ပြောပါတယ်။

ဇာတ်ကားထဲမှာ ဇာတ်ဝင်သီချင်း ပါဝင်သီဆိုရတဲ့အတွက် ဝမ်းသာတယ်လို့ဆိုပြီး နောက်ထပ်ကမ်းလှမ်းမှုများ ရှိလာ ပါကလည်း ဇာတ်ဝင်သီချင်းများ ပါဝင်သီဆိုပေးဦးမယ်လို့ သာဒီးလူက ဆိုပါတယ်။

“ကျနော့် သီချင်းကို ရုပ်ရှင်ဇာတ်ကားအတွက် လာကမ်းလှမ်းရင် ကျနော်လည်း အဆင်ပြေမယ်။ ကိုယ်လည်း နှစ်သက်တဲ့ သရုပ်ဆောင်ဆိုရင်တော့ ကျနော့် သီချင်းတွေကို ဇာတ်ကားတွေမှာ ထည့်သွင်းပါဦးမယ်။ ဒီသီချင်းလေးတွေက ကျနော် ကိုယ်တိုင်ပဲ ရေးထားတာပါ။ ကျနော်က ဒီအလုပ်ကို လုပ်တယ်။ ရုပ်ရှင်ထဲမှာ ပါဝင်ခွင့်ရတာကို ပျော်တယ်။ ဝမ်းသာတယ်။ မသိသေးတဲ့ ပရိသတ်တွေလည်း သိခွင့်ရတော့ ဝမ်းသာတယ်”

“သီချင်း သိပ်နားမထောင်ဘဲ ရုပ်ရှင်ကြည့်ကြတဲ့ သူတွေဆီလည်း ရောက်သွားတော့ ကျနော်ကိုပိုသိတယ်။ကျနော်တို့ သီချင်းကြိုက်တဲ့ သူတွေကတော့ ကျနော်ကို သိပြီးသားပေါ့။ ငါ့ကိုနမ်းတဲ့မုန်တိုင်းကိုတော့ ကျနော်မကြည့်ရသေးပါဘူး။ ကျနော်အိမ်ကလူတွေကြည့်တာတော့ ကောင်းတယ်တော့ပြောပါတယ်” လို့ သာဒီးလူက ဆိုပါတယ်။

သာဒီးလူဟာ ကိုယ်ပိုင်တေးစီးရီး “ပြယုဂ်”ကို ထွက်ရှိထားပြီး မကြာခင်မှာပဲ သူရဲ့ တတိယ တေးစီးရီးအခွေဖြစ်တဲ့ “ကျွန်တော် ရူးနေသည်”ကို ထွက်ရှိမယ်လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading