မြန်မာနိုင်ငံမှာ “ချန်ဂင်” လို့ လူသိများတဲ့ ကိုရီးယားမင်းသမီး Lee Young-ae (လီယောင်အေး) ဟာ လာမယ့်နှစ်မှာ ထုတ်လွှင့်ပြသမယ့် ကိုလိုနီခေတ် ဇာတ်အိမ်တည်ထားတဲ့ အချစ်-ထောက်လှမ်းရေး ဒရာမာ ရုပ်သံဇာတ်လမ်းတခုမှာ ပါဝင်မယ်လို့ သိရပါတယ်။
ဆိုးလ်အခြေစိုက် အေဂျင်စီ ဖြစ်တဲ့ The Tik Tok က “Different Dream” ဒရာမာကို ဂျပန် ကိုလိုနီခေတ်အတွင်း ပြည်နယ်ဆိုင်ရာ ကိုရီးယားအစိုးရ ထူထောင်တဲ့ နှစ်တရာပြည့်ကို ဂုဏ်ပြုမယ့် လာမယ်နှစ်မှာ ကမ္ဘာတဝန်းကို ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကိုရီးယားနိုင်ငံကို ဂျပန် ကိုလိုနီကျွန်ပြု အုပ်ချုပ်ခဲ့တဲ့ (၁၉၁၀-၁၉၄၅) ကာလအတွင်း ဆိုးလ်၊ မန်ချူရီနဲ့ ရှန်ဟိုင်းမြို့မှာ ဇာတ်အိမ်တည်ထားမယ့် အဲဒီဇာတ်လမ်းတွဲမှာဆိုရင် ယူဘိုဒန်လို့ခေါ်တဲ့ ကိုရီးယားလွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ခဲ့တဲ့ Kim Won-bong နဲ့ မင်းသမီး Lee သရုပ်ဆောင်မယ့် ခွဲစိတ်ဆရာဝန် Lee Young-jin တို့အကြောင်း ဇာတ်အိမ်တည်မှာ ဖြစ်ပါတယ်။
ခွဲစိတ်ဆရာဝန် Lee ဟာ ဂျပန်လင်မယားနှစ်ဦးက မွေးစားထားတဲ့ သမီးတဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ ရှန်ဟိုင်းမှာ ကိုရီးယားအစိုးက စေလွှတ်ထားတဲ့စပိုင်တဦးအနေနဲ့ လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။
Kim Won-bong အပါအဝင် အခြားအဓိက ဇာတ်ကောင်တွေ ရွေးချယ်မှုကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး ရိုက်ကူးရေးကိုတော့ ဒီနှစ်ဆောင်းဦး ရာသီလောက်မှာ မွန်ဂိုလီးယားနဲ့ တရုတ်နိုင်ငံတို့မှာ စတင်တော့မှာ ဖြစ်တယ်လို့ အေဂျင်စီက ဆိုပါတယ်။ ဘယ်ရုပ်သံလိုင်းကနေ ထုတ်လွှင်ပြသမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။
ဒရာမာထုတ်လုပ်သူတဦးဖြစ်တဲ့ Han Seok-won က “ပြည်တွင်းရော ပြည်ပမှာပါ ကောင်းကောင်းလက်ခံနိုင်တဲ့ အရည်အသွေးမြင့် ဒရာမာတခုကို တင်ဆက်မှာဖြစ်ပြီး ဒေသဆိုင်ရာအစိုးရ နှစ်တရာပြည့်နဲ့လည်း ကိုက်ညီပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မင်းသမီး Lee ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Saimdang, Memoir of Colors” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
Ref:Yonhap