ဟောလိဝုဒ်မင်းသား Benedict Cumberbatch က ပြီးခဲ့တဲ့ နှစ်တုန်းက မုန့်ပို့အလုပ်သမားတဦးကို တိုက်ခိုက်ခဲ့တဲ့ ဓါးပြ ဂိုဏ်းတခုနဲ့ ရင်ဆိုင်တိုက်ခဲ့ပြီး သူ့ကို အားပေးနေတဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို အခုလိုပဲ နှိမ်ချပြောဆို လိုက်ပါတယ်။
Doctor Strange ရုပ်ရှင်မင်းသား Benedict က “ကျနော်သူရဲကောင်း မဟုတ်ပါဘူး။ အပြင်မှာ တကယ့်လက်တွေ့ဘဝ သူရဲကောင်း မြောက်များစွာ ရှိပါတယ်။ ကျနော် သူတို့ထဲက တယောက် မဟုတ်ပါဘူး” လို့ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ်၊ မင်းသား Benedict Cumberbatch ဟာ Uber တက္ကစီတစီးကို ဇနီးဖြစ်သူ Sophie Hunter နဲ့ အတူ စီးနင်းလာချိန်မှာ အမျိုးသားအုပ်စုတစုက မုန့်ပို့သမားတဦးက ပုလင်းနဲ့ ခေါင်းရိုက်နေတာကို မြင်တွေ့ခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ အဆိုအရ မင်းသား Benedict ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလမှာ လန်ဒန်မြို့လယ်မှာရှိတဲ့ Marylebone လမ်းမှာ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်ရပ်မှာ အရိုက်ခံနေရတဲ့ အသက် ၂ဝ အရွယ် မုန့်ပို့သမားကို အဆိုပါ အမျိုးသား အုပ်စု (ဓါးပြ ၄ ဦး) လက်ထဲကနေ ဆွဲထုတ်လာခဲ့တာ လို့ သိရပါတယ်။
အခုလိုမျိုး မင်းသား Benedict ရဲ့ သတ္တိရှိ၊ ရဲရင့်တဲ့လုပ်ရပ် အသေးစိတ် အချက်အလက်တွေ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ ထွက်ပေါ်ခဲ့ပြီးနောက် သူ့ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်ကို ပရိသတ်တွေက ချီးကျူးနေခဲ့ကြတာပါ။
မက်ထရိုပိုလီတန် ရဲတပ်ဖွဲကကတော့ အခုလိုမျိုး တိုက်ခိုက်မှုတခု သတင်းပို့ချက်ကို လက်ခံရရှိကြောင်းနဲ့ တိုက်ခိုက်သူ တွေဟာ Baker လမ်းထဲကို ထွက်ပြေးသွားခဲ့ကြတဲ့အကြောင်း အတည်ပြုပြောဆိုထားပါတယ်။ အဲဒီဂိုဏ်းအဖွဲ့ဟာ မုန့်ပို့သမားလေးရဲ့ ဆိုင်ကယ်ကို ခိုးယူဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် အခိုးမခံခဲ့ဘူးလို့ The Telegraph သတင်းစာက ဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်ခံရသူဟာ ဒဏ်ရာ မရရှိခဲ့ဘဲ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူခဲ့ရတာ မရှိဘူးလို့လည်း ဆိုပါတယ်။ အဲဒီရန်ပွဲမှာ ပါဝင်ခဲ့တဲ့ မင်းသား စီးနင်းလာတဲ့ Uber ယာဉ်မောင်း Manuel Dias ကတော့ ကလေးနှစ်ဦးရဲ့ ဖခင် မင်းသားကို စူပါဟီးရိုး တယောက်အနေနဲ့ ပြောဆိုလိုက်ပါတယ်။
ယာဉ်မောင်း Manuel က “Baker လမ်းထောင့်နားမှာ တိုက်ခိုက်သူ ၄ ဦးကို တိုက်ခိုက်နေတဲ့ ရှားလော့ဟုမ်း ဖြစ်ခဲ့ပါတယ်။ ကျနော်က ကောင်လေးတယောက်ကို ကိုင်ထားပြီး Benedict က နောက်တယောက်ကို ကိုင်ထားပါတယ်။ သူဘာလုပ်ရမယ်ဆိုတာ သူသေချာပေါက် သိနေပုံပါပဲ။ သူဟာ အရမ်းသတ္တိရှိပါတယ်”
“အရိုးသားဆုံးပြောရရင် သူလုပ်နိုင်တာအားလုံးကို လုပ်ခဲ့ပါတယ်။ သူတို့က မင်းသားကို ရိုက်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကိုယ်သူ ကာကွယ်ခဲ့ပြီး သူတို့ကို တွန်းထုတ်ခဲ့ပါတယ်။ သူဒဏ်ရာ မရခဲ့ပါဘူး သူတို့က Benedict မှန်း သိသွားတာနဲ့ ထွက်ပြေးသွားခဲ့တာလို့ ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အခုထိတော့ သူတို့ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးမိတဲ့ သတင်း မရရှိသေးပါဘူး။
Ref: aceshowbiz