အနုပညာပြခန်း ဒါရိုက်တာတဦးနဲ့ တွဲနေတယ်လို့ သတင်းထွက်လာတဲ့ Jennifer Lawrence
မင်းသမီး Jennifer Lawrence ဟာ “Mother!” ရုပ်ရှင်ဒါရိုက်တာ Darren Aronofsky နဲ့ အချစ်ရေး တခန်း ရပ်သွားပြီလို့ သတင်းတွေ ထွက်လာပါတယ်။ အော်စကာဆုရ မင်းသမီး Lawrence က လက်ရှိမှာ နယူးယောက် အနုပညာပြခန်း ဒါရိုက်တာ Cooke Maroney နဲ့ တွဲနေတယ်လို့ သိရပါတယ်။
People မီဒီယာရဲ့ အဆိုအရ သူတို့နှစ်ဦးကို မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာ အကြိမ်ပေါင်းများစွာ အတူတူ တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။ အသက် ၃၃ နှစ်အရွယ် Maroney နဲ့ အသက် ၂၇ နှစ်အရွယ် Lawrence တို့ဟာ ကြားသူငယ်ချင်း တယောက်ကနေတဆင့် တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ အခြေအနေ ခက်ခဲချိန်မှာတောင် ဆက်ဆံရေးအသစ်ကို ထိန်းသိမ်းဖို့ ကြိုးစားနေတယ်လို့ သတင်းရင်းမြစ် တခုက Page Six မီဒီယာကို ပြောကြားခဲ့ပါတယ်။
အဲဒီသတင်းရင်းမြစ်က “သူတို့ရဲ့ အချစ်ရေးဟာ သီတင်းပတ် အနည်းငယ်လောက်ပဲ သက်တမ်း ရှိပါဦးမယ်။ ဒါပေမယ့် သူတို့ဟာ အရမ်းသီးသန့် ဆန်ပြီး အတူတူ သွားလာနေတာကို မမြင်မခံရဖို့ အရမ်းသတိထားနေပါတယ်” လို့ အတည်ပြုပြောပါတယ်။
မင်းသမီး Lawrence ဟာ အရင်အချစ်ဟောင်းတွေနဲ့ အဆက်အဆံရှိနေသူ ဖြစ်ပေမယ့် ချစ်သူဟောင်း ဒါရိုက်တာ Aronofsky ကိုတော့ သူချစ်ပါတယ်လို့ ပြောကြားပြီး လအနည်းငယ်အကြာမှာ ဒီသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
မင်းသမီးက “ကျမ အဆက်ဟောင်းအားလုံးနဲ့ သူငယ်ချင်းတွေပါပဲ။ အရေးကြီးဆုံးအပိုင်းကတော့ ကျမမှာ သီအိုရီ တခု ရှိပါတယ်။ ကျမက ခပ်တုံးတုံးဆိုတော့ ဒီလိုဖြစ်ရတယ်လို့ ထင်တာပါပဲ။ ဒါပေမယ့် လူကခပ်တုံးတုံး ဖြစ်နေမယ်ဆို ရင်တောင် တခြားလူတွေနဲ့ ဆက်ဆံရေး ဆိုးရွားနိုင်တယ်လို့ ကျမကတော့မထင်ပါဘူး” လို့ ဒီနှစ်အစောပိုင်းမှာပဲ ပြောကြားခဲ့တာပါ။
Ref:etcanada