Entertainment

ခင်ပွန်းဆီက သိန်း ၈ ထောင်တန်ကား မွေးနေ့လက်ဆောင် ရခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကို မွေးနေ့အထိမ်းအမှတ် အဖြစ် ဇွန်လ ၆ ရက်နေ့က မြန်မာပလာဇာမှာ အမျိုးသားဖြစ်သူက ကျပ်သိန်း ၈ ထောင်တန် တန်ဖိုးကြီး Rolls Royce ကား လက်ဆောင်ပေးခဲ့ပြီး လတ်တလော Facebook မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စမိုင်းလ်က Surprise Birthday လုပ်ပြီး မွေးနေ့လက်ဆောင်ပေးခြင်း ခံရတဲ့အတွက် ပျော်လည်းပျော်ပြီး ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်တဲ့အကြောင်း ဧရာဝတီကို ပြောပါတယ်။

“အရင်တည်းက အသက် ၁၇ နှစ်လောက်ကတည်းက အစ်မ အရမ်းလိုချင်တဲ့ ကားလေးကို မမျှော်မှန်းထားဘူး ရမယ်လို့၊ ကိုယ်က စနောက်ထားတဲ့ ကားလေးပေါ့။ အရင်တုန်းက စနောက်ကြတယ်။ အရမ်း ဈေးကြီးတဲ့ကားကို လိုချင်တယ်ဆိုပြီး ပြောဖူးတယ်။ အခုတော့ လက်ဆောင်အဖြစ် ပေးတော့ အရမ်း ဝမ်းသာတယ်၊ ပျော်လည်း ပျော်တယ်။ တချိန်ထဲမှာပဲ ကိုယ် ချစ်တဲ့ သူငယ်ချင်းတွေနဲ့လည်း တွေ့ရတော့ ပိုပျော်တယ်။ သမီးလေးတွေလည်း ရှိတဲ့အခါကျ ပိုပြီး ပြည့်စုံသွားတာပေါ့။ မောင့်ကိုလည်း ကျေးဇူးတင်ပါတယ်။ မွေးနေ့က လိုပါသေးတယ်”လို့ စမိုင်းလ်က ပြောပါတယ်။

စမိုင်းလ်ကို ခင်ပွန်းဖြစ်သူက တန်ဖိုးကြီးကား လက်ဆောင်ပေးတာကို Dream Boat မှ စီစဉ်သူ ကိုမောင်မောင်အေးအဖွဲ့နဲ့ တခြား သူငယ်ချင်းများကပါ လာရောက်ပြီး Surprise ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

“ကျနော်လည်း ပျော်တယ်။ အမှတ်တရအနေနဲ့ သူကြိုက်တဲ့ ကားလေးကို လက်ဆောင်ပေးဖြစ်တာပါ။ ကားကတော့ ဝယ်ထားတာ တလကျော်လောက် ရှိပြီ။ စီစဉ်ရတာက အိမ်ကနေ အစည်းအဝေးရှိလို့ ဆိုပြီး ပြောပြီးထွက်တယ်။ ကိုမောင်အေးတို့ ရန်ချန်းတို့ ကိုဆန်းထွဋ်တို့နဲ့ တိုင်ပင်ပြီးတော့ အမျိုးစုံ စီစဉ်တယ်။ သူလုံးဝ မထင်မှတ်ထားမယ့် နေရာမျိုးမှာ လုပ်ခဲ့တာပါ။ အလွဲတွေလည်း ရှိပါတယ်။ အခက်အခဲတွေလည်း ရှိပါတယ်။ အဲ့အချိန်မှာ ရှက်တာတွေ ဘာတွေရော ထူပူပြီးတော့ မသိတော့ဘူး” လို့ စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က ဆိုပါတယ်။

ကားလက်ဆောင်ပေးခဲ့ပေမယ့် တချို့က ကားနံပါတ်ပြားနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကားနံပါတ်က 9E နဲ့ စတာဖြစ်တဲ့အတွက် ဒါဟာအရင်တုန်းက ငြိမ်းချမ်းရေး ယူထားတဲ့သူတွေအတွက် သီးသန့်ပေးတဲ့ကားလို့ ဆိုနေကြတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စမိုင်းလ်က အခုလို ပြန်လည် ဖြေရှင်း ပြောပါတယ်။
“ကားနံပါတ်ပြားနဲ့ ပတ်သတ်ပြီး သူတို့တွေက 9E ဆိုပြီး ဝေဖန်နေတာက အဲ့ကားကို အရင်တုန်းက ငြိမ်းချမ်းရေးကား ဆိုပြီး ပြောကြတယ်။ အစ်မတို့ကတော့ မသိဘူး။ အစ်မတို့တွေကတော့ တဆင့်တဆင့်ကနေ ပြန်ဝယ်ရတဲ့ အခါကျတော့ ဈေးကတော့ ကြီးသွားတာပေါ့။ အရင်တုန်းက ဘယ်သူပိုင်ထားလဲ အစ်မတို့လည်း မသိဘူးပေါ့။ အခုကတော့ Show Room ကနေပဲ တဆင့် ပြန်ဝယ်ထားတာပါ’’ လို့ ပြောပါတယ်။

သရုပ်ဆောင် စမိုင်းလ်ကလည်း လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ခင်ပွန်းဖြစ်သူကို မွေးနေ့လက်ဆောင်အဖြစ် တန်ဖိုးကြီးကား လက်ဆောင် ပေးခဲ့ပါသေးတယ်။

Loading