ရုပ်ရှင်ဇာတ်ကားကောင်းများကို ပီပီပြင်ပြင် သရုပ်ဆောင်တတ်တဲ့ သူထူးစံကို အနုပညာလှုပ်ရှားမှုများမှာ မတွေ့ရတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ရုံတင်ပြသမယ့် “မှော်ဝင်သမန်းကျား”ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သူထူးစံက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
“မှော်ဝင်သမန်းကျား” ကားမှာ ပါဝင်ထားတဲ့ သူထူးစံက ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဧရာဝတီကို အခုလို ပြောပြ ထားပါတယ်။
“မှော်ဝင်သမန်းကျား ရုပ်ရှင် ရုံတင်တော့မယ်တော့ ပြောတယ်။ အဲဒီကား ရိုက်တော့ ကျနော်တို့လည်း တော်တော် ပြိုင်းသွားတယ်။ အဲ့ကားမှာ အမှတ်တရတွေကတော့ အများကြီးပါ။ ကျားအစစ်နဲ့ ရိုက်တာကတော့ အမှတ်တရပါပဲ။ ကျားလွတ်သွားတော့ လန့်သွားတယ်။ ဒီကားက သာမန်ရိုက်နေကျ ဇာတ်ကားမျိုး မဟုတ်ဘဲ ထူးထူးဆန်းဆန်း မြင်ရမှာပါ။ ကျားအစစ်ကိုလည်း မြင်တွေ့ရမှာပါ။ ဒီကားလေးက အတိုင်အတာ တခုထိတော့ အောင်မြင်မှာပါ”လို့ သူထူးစံက ပြောပါတယ်။
သရုပ်ဆောင် သူထူးစံက “မှော်ဝင်သမန်းကျား” ရုပ်ရှင်ကားမှာ ကျားအစစ်များနဲ့ ရိုက်ကူးခဲ့ရတဲ့အတွက် အခက်အခဲများ ရှိခဲ့ပြီး ဒီဇာတ်လမ်းမျိုးကိုတော့ ကိုယ်တိုင်နှစ်သက်လို့ ရွေးချယ်ရိုက်ကူးခဲ့တာလို့လည်း ဆိုပါတယ်။
လက်တလော အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သတ်ပြီးလည်း သူထူးစံက “ကျနော် ဒီကြားထဲမှာ ကားတော့မရိုက်ဖြစ်ဘူး။ မရိုက်တဲ့ အချိန်အတွင်းမှာ ဘောလုံးကန်တယ်။ မန္တလေးက ခြံထဲမှာပဲ နေပါတယ်။ ၈ လပိုင်းမှာ ကားကြီးရိုက်ဖို့ ရှိပါတယ်။ မြင်နေကျ လူတွေနဲ့တော့ မဟုတ်ပါဘူး။ ကျနော် ဘယ်နေရာမှာပဲ နေရနေရ၊ ဘယ်နေရာဖြစ်ဖြစ် မင်သားမှ မဟုတ်ပါဘူး။ ဇာတ်ကောင်းရင် ရိုက်ပါတယ်။ အနုပညာသက်တမ်း ၁၈ နှစ် ရှိပါပြီ။ ကျနော် လုပ်သလောက် ပြန်မရခဲ့ပါဘူး ။ ဒါပေမယ့် ကျေနပ်တယ်လို့လည်း ပြောလို့ရတယ်။ မကျေနပ်ဘူးလည်း ပြောလို့ရပါတယ်။ လက်ရှိဘဝကိုပဲ အဆင်ပြေအောင် ကျနော် လုပ်ပါတယ်”လို့ ပြောပါတယ်။
သူထူးစံကို အချစ်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ မကြာတော့ပါဘူးလို့သာ ဖြေပေးခဲ့ပြီး ဘာအတွက်ကြောင့် ဆိုတာကိုတော့ ဆက်လက်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။ အနုပညာပိုင်းနဲ့ ပတ်သက်ရင်တော့ မကြာခင်မှာ သူထူးစံရဲ့ ရုပ်ရှင် ကားကြီးတွေကို ကြည့်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်။