Entertainment

“အချစ် ရှိပေမယ့် ချပြဖို့ အစီအစဉ် မရှိဘူး”လို့ ပြောတဲ့ ခွန်းဆင့်နေခြည်

Want create site? Find Free WordPress Themes and plugins.

ပရိသတ်နဲ့ ၄ နှစ်ကြာ အဆက်ပြတ်နေတဲ့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး အချစ် ရှိပေမယ့် ချပြဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

“ဒီအသက်အရွယ်မှာ လူတိုင်းက အချစ်ဆိုတာကို ဖြတ်သန်းဖူးပါတယ်။ ဒီအချိန်မှာ အချစ်ရှိလား မေးရင်တော့ အချစ် ရှိပါတယ်။ ကိုယ်အိမ်ထောင်ပြုတော့မှ  ကိုယ့်ယောကျာ်းသည်သာ ကိုယ့်ယောကျာ်းပေါ့နော်။ အဲဒီအတွက်တော့ ကိုယ်အိမ်ထောင်ပြုတဲ့ အချိန်ရောက်မှသာ ဒါဟာ ကျမရဲ့ အိမ်ထောင်ဖက်ပါဆိုပြီး Public ကိုလက်ဆွဲပြီး ချပြမှာပါ။ အခုချိန်မှာတော့ ချပြဖို့ အစီစဉ် မရှိပါဘူး” လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စများမှာ ကံတရားနဲ့လည်း သက်ဆိုင်ပြီး အပျိုကြီး ဖြစ်မလား၊ အိမ်ထောင်ကျမလား ဆိုတာကိုတော့ လတ်တလောမှာ ပြောလို့မရသေးဘူးလို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

“ကံတရားနဲ့ ဆိုင်ပါတယ်။ အစ်မက အပျိုကြီးဖြစ်ချင်တယ် ဆိုပေမယ့်လည်း ဖြစ်ချင်မှ ဖြစ်မှာလေ။ မလုပ်ချင်ဘူး။ အိမ်ထောင်ပြုချင်တယ်ဆိုလည်း ပြုခွင့်ရမှ ပြုရမှာ။ ဒီအသက်အရွယ်မှာ ခွန်းဆင့် သူငယ်ချင်းတွေဆို သူ့မိသားစုနဲ့သူ အကုန်လုံးက Stable ဖြစ်နေကြတယ်”

“ခွန်းဆင့်ကတော့ အပျိုကြီးဖြစ်မလား အိမ်ထောင်ကျမလား ဆိုတာကတော့ လတ်တလော ပြောလို့ မရသေးဘူး။ သူ့ကံနဲ့ သူပဲ။ အချိန်တန်ရင် သူဘာသာ ဖြစ်သွားလိမ့်မယ်။ အချစ်ဆိုတာတော့ လူတိုင်းအတွက် အားဆေးတခုပေါ့။ အချစ်ရှိရင်တော့ အရာရာအားရှိနေမှာပေါ့” လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

သူမကတော့ ပရိသတ်နဲ့ ၄ နှစ်ကျော် ဝေးကွာနေခဲ့ပြီး အဲ့ဒီအချိန် ၄ နှစ်အတွင်းမှာတော့  သူမရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေး ဖြစ်တဲ့ ကျောက်ဆူး ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ “မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားအတွက် ကြိုးပမ်းနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်အနေနဲ့ ဇာတ်ကား ၃ ကားစာလောက်တော့ ကုန်တယ်။ ဒါပေမယ့် တချို့ ပရိသတ်က ပြောတယ်။ ဇာတ်ကားတကားကို ပိုက်ဆံကုန်တိုင်း ကောင်းနိုင်ပါ့မလားပေါ့။ တချို့တွေ မေးပါတယ်။ ပိုက်ဆံကုန်တိုင်း မကောင်းနိုင်သလို ပိုက်ဆံနည်းနည်းနဲ့ ကောင်းအောင် ရိုက်လို့ရတဲ့ ကားတွေ အများကြီးရှိပါတယ်”

“ခွန်းဆင့်အနေနဲ့က ကိုယ်ကုန်ကျတာလေးကို ပြောပြရုံလောက်ပါပဲ။ ဒီဇာတ်ကားကြီးကို အရမ်း အကုန်ကျခံထားပြီး ဟောလိဝုဒ်ဇာတ်ကားလို ကောင်းနေပါတယ်လို့ ပြောတဲ့သဘောမျိုးတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။

“မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားအတွက် သိန်း ၃၀၀၀ ကျော်ခန့် ကုန်ကျခဲ့ပြီး အချိန်အားဖြင့်လည်း ၄ နှစ်  ကျော်ကြာ ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်ဇာတ်ကားကတော့ မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တာ အဆင်မပြေတဲ့အတွက် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ကျားအစစ်များဖြင့်လည်း ရိုက်ကူးခဲ့ရပြီး ခွန်းဆင့်နေခြည် ကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားမှာတော့ ရန်အောင်၊ သူထူးစံ၊ မင်းမော်ကွန်း ၊ စိုးမြတ်သူဇာ ၊ လင်းဇာနည်ဇော် ၊ ခွန်းဆင့်နေခြည်တို့က ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခွင့် ရရှိစေရန်လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading