The Voice Myanmar Season 1ရဲ့ ဒိုင်တဦးဖြစ်တဲ့ ရန်ရန်ချန်းက Winner ဆု ရရှိသွားတဲ့ ငွေစိုးက ရသင့်ရထိုက်လို့ ရခဲ့တာပါလို့ ဧရာဝတီကို ဆိုပါတယ်။
“ကိုငွေစိုးကလည်း ရသင့်ရထိုက်လို့ရခဲ့တာပါ။ တနိုင်ငံလုံးရဲ့ အသဲနှလုံးကိုလည်း ဆွဲနှုတ်သွားတဲ့ သီချင်းဆိုတော့ သူ့အသံနဲ့ အရမ်းလိုက်တယ်၊ ရသင့်ပါတယ်။ ကျနော်တို့ ၄ ယောက်လုံး သတ်မှတ်ထားတာက ဒီပြိုင်ပွဲဝင် ၄ ယောက်လုံး ဖိုင်နယ်ကို ရောက်လာတာ ဒီဆုက ဒီ ၄ ယောက်လုံးနဲ့ ဆိုင်တယ်။ ဒီဖိုင်နယ်ကို ဒီ ၄ ယောက်လုံးက တော်လို့ ရောက်လာတာ တယောက်တည်းကိုပဲ ရွေးချယ်ပြီး ဆုပေးရမှာဖြစ်တဲ့အတွက် ဒီဆုကို ကိုငွေစိုးက ရသွားတာပါ” လို့ ရန်ရန်ချန်းက ဧရာဝတီကိုပြောပါတယ်။
The Voice Myanmar အဆိုပြိုင်ပွဲကလည်း ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်များအနေနဲ့ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပြီး ဒီပွဲမှာ အကဲဖြတ်ဒိုင်များအဖြစ် အဆိုတော် ကျားပေါက် ( Big Bag) ၊ ရန်ရန်ချန်း၊ လင်းလင်းနဲ့ နီနီခင်ဇော်တို့က ပါဝင်ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
ပြိုင်ပွဲအတွေ့အကြုံ့များနဲ့ပတ်သတ်လို့လည်း ရန်ရန်ချန်းက “ကျနော်တို့ ဒိုင် ၄ ယောက်လုံးက တသင်းစီ ဖြစ်နေပေမယ့် ညီအစ်ကို မောင်နှမတွေလို ဖြစ်နေကြပြီဆိုတော့ ဘယ်သူရရ ဝမ်းသာပါတယ်။ ကျနော် ဒိုင်လုပ်တဲ့ တလျှောက်မှာ ပရိသတ်တွေ ဝေဖန်တာတွေ ရှိတယ်။ အဲ့တာကိုတော့ ဘာမှတော့ မပြောချင်ဘူး။ ဝေဖန်တာတော့ ရှိမှာပဲလေ”
“လူတယောက်နဲ့ တယောက်အကြိုက်ချင်း မတူကြတော့ ပရိသတ်ကလည်း ပရိသတ်အမြင်နဲ့ ကြည့်တယ်။ ဆိုတဲ့ သူကလည်း ဆိုတဲ့သူ အနေနဲ့ ကြည့်တယ်။ အကဲဖြတ်တဲ့သူကလည်း အကဲဖြတ်တဲ့ သူအနေနဲ့ ကြည့်တယ်။ မတူညီတာတွေကတော့ ဖြစ်တတ်ပါတယ်” လို့ ရန်ရန်ချန်းက ဆိုပါတယ်။
Acid အဖွဲ့ဝင်ဟောင်း အဆိုတော် ရန်ရန်ချန်းဟာ Acid သီချင်းဟောင်းတွေကို ပုံစံသစ်ပြန်လုပ်ထားတဲ့ Music Video ကိုလည်း အွန်လိုင်းကနေ ဖြန့်ချိသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။