တောင်ကိုရီးယားနိုင်ငံမှာ စစ်မှုထမ်းဆောင်ဖို့ အချိန်ရွှေ့ဆိုင်းမှုတွေ ရှိလာတယ်လို့ သံသယ ဖြစ်ပွားမှုတွေကြောင့် အသက် ၂၅ နှစ် ထက်ကျော်လွန်ပြီး စစ်မှုထမ်းဖို့ အသင့်ဖြစ်နေတဲ့ အမျိုးသားများ နိုင်ငံရပ်ခြား ခရီးသွားလာခွင့် စည်းမျဉ်းတွေကို အစိုးရက တင်းကျပ်တော့မှာဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားစွမ်းအားစီမံခန့်ခွဲရေးဝန်ကြီးဌာန (MMA) က ဇွန်လ ၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
လက်ရှိ စည်းမျဉ်းတွေအောက်မှာတော့ စစ်မှုမထမ်းဆောင်ရသေးတဲ့ အသက် ၂၅ နဲ့ ၂၇ နှစ်ကြား စစ်မှုထမ်းဆောင်ဖို့ အသင့်ဖြစ် နေသူတွေကို တာဝန်ထမ်းဆောင်ဖို့ ရွှေ့ဆိုင်းခွင့်ပြုထားပြီး နိုင်ငံရပ်ခြားကို တနှစ်ထက် လျော့နည်းတဲ့ အချိန်ကာလအတွင်းမှာသာ သွားလာကြဖို့ MMA က ခွင့်ပြုပေးထားပါတယ်။
အဲဒီအကြောင်းပြချက်ကြောင့် ငယ်ရွယ်တဲ့အမျိုးသား အနုပညာရှင်တွေနဲ့ အားကစားသမားတွေဟာ တနှစ်သက်တမ်းရှိတဲ့ နိုင်ငံရပ်ခြားခရီးသွားခွင့်ကို ရရှိပြီးရင် ပြည်တွင်းနဲ့ နိုင်ငံခြားမှာ လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေတာ ဖြစ်ပါတယ်။
MMA မှ တာဝန်ရှိသူတဦးက “အသက် ၂၅ နှစ်ကနေ ၂၇ နှစ်ကြားမှာရှိတဲ့ စစ်မှုထမ်းဖို့ အသင့်မဖြစ်သေးတဲ့ သူတွေ ကတော့ တနှစ်ထက် လျော့နည်းတဲ့အချိန်ကာလ အတွင်းမှာ နိုင်ငံရပ်ခြားခရီးသွားလာခွင့်ကို အကန့်အသတ် မရှိဘဲ ပေးထားပါတယ်။ ဒါပေမယ့် ဒီနှစ် သြဂုတ်လကနေ စပြီးတော့ ခွင့်ပြုတဲ့အရေအတွက်ကို ငါးလအထိ ကန့်သတ်မှာဖြစ်ပြီး အကြာဆုံး ခရီးသွားလာချိန်ကို ခြောက်လအထိ လျှော့ချပစ်မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဆောင်ဖို့ ရွှေ့ဆိုင်းနိုင်တဲ့အများဆုံးအချိန်ကာလကိုလည်း ၃ နှစ်ကနေ ၂ နှစ်အထိ လျှော့ချလိုက်တယ် လို့ အဲဒီအရာရှိက ဆိုပါတယ်။ သူက “တချို့ကိစ္စတွေမှာ စစ်မှုထမ်းဆောင်ဖို့ အသင့်ဖြစ်နေတဲ့သူတွေဟာ နိုင်ငံရပ်ခြား လုပ်ငန်းတွေ ၁၀ ရက် လုပ်ကိုင်ဖို့ တနှစ် ခရီးသွားခွင့် လျှောက်ထားနိုင်ပါတယ်။ စစ်မှုထမ်းဆောင်တာကို ရွှေ့ဆိုင်းတာကို တားမြစ်ဖို့အတွက်ကတော့ အများဆုံးခွင့်ပြုကာလကို ၆ လကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဒေသဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်း တာဝန်ရှိသူတွေကတော့ အဲဒီစည်းမျဉ်း ပြောင်းလဲဖို့ စီစဉ်ထားတာကို ကန့်ကွက်နေကြပြီး ကိုရီးယားအနုပညာ ရေလှိုင်းလို့ခေါ်တဲ့ “Hallyu” ရဲ့ နိုင်ငံရပ်ခြား လုပ်ငန်းတွေအပေါ် ဒီလို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေက ဆိုးဆိုးရွားရွား ထိခိုက်နိုင်တဲ့အကြောင်း သတိပေးထားပါတယ်။
အနုပညာလုပ်ငန်းတာဝန်ရှိသူတဦးက “ငယ်ရွယ်တဲ့ အနုပညာရှင်တွေဟာ လွတ်လွတ်လပ်လပ် တနှစ်တာကာလ နိုင်ငံရပ်ခြာ းခရီးသွားလာခွင့် စနစ်ကြောင့် နိုင်ငံခြားမှာ လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တာပါ။ အဲဒီ ခွင့်ပြုကာလကို ၆ လအထိ ဖြတ်တောက်လိုက်တာဟာ Hallyu စတားတွေရဲ့ နိုင်ငံခြားလုပ်ငန်းတွေကို အကန့်အသတ် အများကြီး ဖြစ်ပေါ်လာစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref:Yonhap