Entertainment

အိုင်ယာလန်နိုင်ငံကို ပျားရည်ဆမ်းခရီး ထွက်ခဲ့ကြတဲ့ မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ

Want create site? Find Free WordPress Themes and plugins.

တော်ဝင်မင်းသား ဟယ်ရီနဲ့ မင်းသမီး Meghan Markle တို့ လျှို့ဝှက်သွားရောက်ခဲ့ကြတဲ့ ပျားရည်ဆမ်း ခရီးစဉ် အကြောင်းတော့ တစွန်းတစ ပေါ်လို့လာခဲ့ပါပြီ။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတွေအရ ကြင်စဦးတော်ဝင် ဇနီးမောင်နှံ နှစ်ဦးဟာ အိုင်ယာလန်နိုင်ငံမှာရှိတဲ့ Lough Corrib ကမ်းရိုးတန်းပေါ်က အသက်ရှု မှားလောက်တဲ့ Ashford ရဲတိုက်ကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၁၃ ရာစုနှစ်လက်ရာ ရဲတိုက်ဖြစ်ခဲ့ပြီး အခုဟိုတယ် ဖြစ်နေတဲ့နေရာကို အများပြည်သူ ဝင်ရောက်ခွင့် ပိတ်ပင်လိုက် ပြီးတဲ့နောက် အဲဒီ ရဲတိုက်ကြီးကို တော်ဝင်ဇနီးမောင်နှံနှစ်ဦး ဟန်းနီးမွန်း ခရီးစဉ် လာရောက် လည်ပတ်ခဲ့တယ်ဆိုတဲ့ သတင်း စတင် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အဲဒီရဲတိုက် အနီးတဝိုက်မှာ လုံခြုံရေးအထူး တင်းကျပ်ထားပြီး အထဲမှာ Sussex မြို့စားနဲ့ မြို့စားကတော် ရှိခဲ့တယ်ဆိုတဲ့ အရိပ်အယောင်ကို တွေ့ရှိရကြောင်း တွေ့မြင်လိုက်ရသူတချို့ကဆိုပါတယ်။ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်း အရ မေ ၁၉ ရက်၊ ဝင်ဆာရဲတိုက်မှာ လက်ထပ်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ဟယ်ရီနဲ့ အသက် ၃၆ နှစ်အရွယ် Meghan တို့ဟာ ကနေဒါနိုင်ငံ Alberta ပြည်နယ်က Fairmont Jasper ပန်းခြံမှာ“The Royal Retreat” လို့ခေါ်တဲ့ အကျယ်စတုရန်း ပေ ၆ ထောင်ရှိတဲ့ နေရာမှာ တည်းခိုနေထိုင်ကြမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကောလာဟလသတင်းတွေဟာ အဲဒီအပန်းဖြေစခန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးရဲ့ စကားကြောင့် ပျက်ပြယ်ခဲ့ ရပါတယ်။ သူက “Fairmont Jasper Park Lodge ဟာ တော်ဝင်ဧည့်ခံတဲ့နေရာတခုအနေနဲ့ ကာလကြာရှည်လုပ်ဆောင် ခဲ့တဲ့ သမိုင်းရှိခဲ့ပေမယ့် သူတို့စုံတွဲနှစ်ဦးဟာ ဒီမှာ ခေတ္တနေထိုင်ဖို့ ဘိုကင်လုပ်ထားတာ မရှိပါဘူးလို့ ကျနော်တို့ အတည်ပြု နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဟယ်ရီနဲ့ Meghan တို့ဟာ သူတို့လက်ထပ်ပွဲမတိုင်မီမှာ သွားရောက်လည်ပတ်ခဲ့တဲ့ အိုင်ယာလန်နိုင်ငံကို အရမ်း နှစ်သက်ပုံ ရပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Ashford ရဲတိုက်ကို ၁၂၂၈ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉ ရာစုမှာတော့ ဗစ်တိုးရီးယားစတိုင်အနေနဲ့ ပြန်လည်ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီရဲတိုက်ကို လာရောက် လည်ပတ်ဖူးသူတွေကတော့ ပဉ္စမမြောက် ဂျော့ချ်ဘုရင်၊ Oscar Wilde ၊ John Lennon နဲ့ မင်းသမီး Grace တို့ပဲ ဖြစ်ပါတယ်။

Ref: etcanada

Did you find apk for android? You can find new Free Android Games and apps.
Loading