ယနေ့ ဇွန်လ ၈ ရက်နေ့က သရုပ်ဆောင် အေးမြတ်သူရဲ့ အသက် ၃၂ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ မွေးနေ့မှာတော့ အေးမြတ်သူက မိသားစုနဲ့ အတူ မနက်ပိုင်းမှာ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
အေးမြတ်သူက မွေးနေ့နဲ့ ပတ်သက်ပြီး “မွေးနေ့မှာ မိသားစုနဲ့ပဲ ရွှေတိဂုံဘုရားသွားတယ်။ မွေးနေ့ပွဲတွေ ဘာတွေ လုပ်ဖို့တော့ မရှိပါဘူး။ Fan တွေနဲ့လည်း ဘာမှ လုပ်ဖို့ မရှိပါဘူး။ မွေးနေ့ကို သိုသိုသိပ်သိပ်လေးပဲ ဖြတ်သန်းနေပါတယ်။ ဒီနှစ် မွေးနေ့မှာ အေးအေးချမ်းချမ်းနဲ့ မွေးနေ့ပွဲတွေ မလုပ်ပါဘူး”လို့ ဧရာဝတီကို ပြောပါတယ်။
“တစိမ့်စိမ့်ကြည့်” သီချင်းလေးမှာ သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့တဲ့ အေးမြတ်သူက ဇာတ်ကားများမှာ လည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တဦး ဖြစ်ပါတယ်။ “မအေးပွင့် မြင့်မြင့်စန်း လမ်း ၃၀’’ ၊ “ငဘ”၊ “ခေါက်ထီးလေး မလုံ့တလုံ” အစရှိတဲ့ ဇာတ်ကားကြီးတွေကလည်း ပရိသတ်ကြိုက်နှစ်သက်ခြင်း ခံခဲ့ရပါတယ်။
အေးမြတ်သူက မြန်မာဝတ်စုံများဝတ်ဆင်ပြီး အလှပုံများလည်း Facebook ပေါ်မှာ တင်တတ်သလို သင်္ကြန်မှာ မြန်မာဝတ်စုံနဲ့ ရေပက်ခံခဲ့တဲ့ အလှပုံတွေကလည်း ပုရိသတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ အချစ်ရေးနဲ့ ပတ်သတ်ပြီး ချစ်သူကိုတော့ ပရိသတ်ရှေ့ကို ချမပြသေးပါဘူး။
အပြုံးချိုချိုနဲ့ ပါးချိုင့်မင်းသမီး အေးမြတ်သူက စကားပြော ပွင့်လင်းသူ ဖြစ်ပြီး အရင်က Sexy ကျကျ အလှဘက်ကနေ နောက်ပိုင်းမှာ တည်ငြိမ်အေးချမ်းတဲ့ အလှဘက်ကို ကူးပြောင်းလာတာကို တွေ့မြင်ရပါတယ်။
မွေးနေ့မှာ ထူးထူးခြားခြား ဘာမှ မလုပ်ဖြစ်ဘဲ မွေးနေ့ရက်ချင်း တူတဲ့ မိတ်ကပ် ခင်စန်းဝင်းရဲ့ မွေးနေ့ပွဲကိုတော့ တက်ရောက်ပြီး အားပေးဖြစ်မယ်လို့ အေးမြတ်သူက ဆိုပါတယ်။