ဆီးချိုရောဂါကြောင့် ဆေးရုံတက်ရောက် ကုသနေရတဲ့ သရုပ်ဆောင် ကစ်ကစ်ကို မော်ဒယ်၊ သရုပ်ဆောင် Tyron (တိုင်ရွန်) နဲ့ တခြားအလှူရှင်များက အလှူငွေသိန်း ကျပ်၂၀ နဲ့ ၃ သောင်း သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ မော်ဒယ် Tyron က အရမ်းလှူချင်ခဲ့တဲ့အတွက် သွားရောက် လှှူဒါန်းဖြစ်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပြည်တွင်းကလူတွေက တော်တော် စုံတယ်။ အကောင့်သစ်ဖွင့်ပြီး လက်ခံပေးခဲ့ပါတယ်။ ပြည်ပက လှူတာ ကျနော် လက်မခံခဲ့ရဘူး။ Facebook အကောင့် အခက်အခဲကြောင့်ပါ။ အလှူငွေ ထည့်ဝင်ပေးကြတဲ့ မိတ်ဆွေ အပေါင်းအသင်း ပရိတ်သတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ၊ စိတ်ထဲက အရမ်းလှူုချင်ခဲ့လို့ တယောက်တည်း မတတ်နိုင်ခဲ့ပေမယ့် ပထမဆုံးကြိမ် ကိုယ်တိုင်ဦးစီးပြီး ပရဟိတ အလှူလေး ဖြစ်မြောက် အောင်မြင်ခဲ့ပါတယ်” လို့ မော်ဒယ် Tyron က ဧရာဝတီကိုဆိုပါတယ်။
မော်ဒယ် Tyron က လက်ရှိ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ဆိုပါတယ်။
“မျက်လုံးက ကွယ်သွားနေတော့ မမြင်ရဘူး။ စကားတော့ ပြောနိုင်နေပါပြီ။ ဆေးရုံကနေတော့ မဆင်းရသေးပါဘူး။ ဆေးရုံကတော့ ဆက်တက် နေရဦးမှာပါ။ လောလောဆယ်တော့ သတိရှိတယ်။ ထမင်းတွေ ဘာတွေလည်း စားနိိုင်ပါတယ်” လို့ ပြောပါတယ်။
သရုပ်ဆောင်ကစ်ကစ်က လတ်တလောမှာ ဆီးချိုရောဂါကြောင့် မျက်လုံးကွယ်ခဲ့ပြီး ငွေကြေးအခက်အခဲ ဖြစ်နေကြောင်းကို မီဒီယာများကနေတဆင့် ဖွင့်ပြောခဲ့တဲ့အတွက် ကစ်ကစ်အတွက် အလှှူငွေများ သွားရောက်လှူဒါန်းသူများ ရှိလာပါတယ်။ Tyron ကလည်း အခု အလှူက သူတယောက်တည်း မတတ်နိုင်ခဲ့တဲ့အတွက် စုပေါင်းပြီး လှူဒါန်းမှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တကယ်လိုအပ်တဲ့နေရာမှာလှူလိုက်ရလို့ အရမ်းပီတိ ဖြစ်မိပါတယ်။ အလှူငွေတွေကို အစ်မကစ်ကစ်ရဲ့ သမီးလေး နာမည်နဲ့ ဘဏ်အကောင့် ဖွင့်ထားပေးခဲ့ပြီ”လို့လည်း ဆိုပါတယ်။ “ကျနော်က အလှူငွေ ၁ သိန်း ထည့်ထားပါတယ် ” လို့ Tyron က ပြောပါတယ်။