ဇွန်လ ၈ ရက်နေ့ဟာ နိုင်ငံကျော် အလှဖန်တီးရှင် မိတ်ကပ် ခင်စန်းဝင်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့ ရောက်တိုင်း သွေးလှူဒါန်း ဖြစ်ခဲ့တဲ့ မကြီးစန်းဟာ ဒီနှစ်မွေးနေ့မှာလည်း သွေးထပ်မံ လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ Facebook အကောင့်သစ်မှာ ရေးသားထားပါတယ်။
“မွေးနေ့ရောက်တိုင်း သွေးလှူခဲ့တာ ၂၀၀၉ ခုနှစ်ကတည်းက ဒီနှစ်ဆို ၁၂ ကြိမ်တိုင်ခဲ့ပြီ” ဆိုပြီး ရေးသားထားတာပါ။ အလှဖန်တီးရှင် မိတ်ကပ် ခင်စန်းဝင်းကို မွေးနေ့မှာ သွေးလှူဖြစ်တဲ့ အကြောင်းနဲ့ သူ့ရဲ့ မွေးနေ့အမှတ်တရ အစီအစဉ်တွေ အကြောင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းတဲ့အခါ အခုလို ဖြေကြားထားပါတယ်။
“မကြီး ဒီနှစ်မှာ ရိုက်ကူးရေးလေး ရှိနေတာကြောင့် မအားတာနဲ့ ဘုရားသွားတယ်၊ သွေးလှူတယ်။ နောက် မကြီးကို ချစ်တဲ့ သူငယ်ချင်းတွေ တပည့်တွေ၊ မိတ်ဆွေတွေနဲ့ အကျဉ်းချုံး မွေးနေ့ပွဲလေး လုပ်ပါမယ်။ မွေးနေ့ လက်ဆောင်တော့ MRTV-4 က လက်ဆောင်ပေးတဲ့ ကိတ်လေးတော့ရပါတယ်” လို့ မိတ်ကပ် ခင်စန်းဝင်းက မွေးနေ့ ဖြတ်သန်းခဲ့ပုံကို ပြောပါတယ်။
မွေးနေ့ မတိုင်ခင် တရက်မှာလည်း ပရိသတ်တွေ အများကြီးရှိတဲ့ မကြီးစန်းရဲ့ Facebook အကောင့်က အဟက် ခံထားရပြီး အဲ့ဒါကြောင့် မကြီးစန်းဟာ သူ့နာမည်နဲ့ အကောင့်အသစ်ကို ဇွန်လ ၇ ရက်နေ့က ထပ်ဖွင့်ခဲ့ပါတယ်။ သူ့ရဲ့ တနေ့တာ လှုပ်ရှားမှုတွေကိုတော့ Facebook အကောင့်အသစ်မှာပဲ တင်ဖြစ်နေတာ တွေ့ရပါတယ်။
အကောင့်ဟတ်ခံရတာနဲ့ ပတ်သက်ပြီး မကြီးစန်းက “အကောင့်က ဟက်ခံရတာနဲ့ မကြီး အကောင့်သစ် ဖွင့်လိုက်ရပါတယ်။ သူတို့ဘက်ကတော့ ခုချိန်ထိ ဆက်သွယ်တာ မရှိသေးပါဘူး။ ဆက်သွယ်လို့ ငွေကြေးတောင်းလာရင် ညှိနှိူင်းပြီး ပြန်ယူမှာပါ” လို့ ဆိုပါတယ်။
မိတ်ကပ်ပညာရှင် တဦးလည်းဖြစ်၊ သရုပ်ဆောင်အလုပ်တွေကိုပါ လုပ်နေရတဲ့ ခင်စန်းဝင်းကတော့ သူ့ရဲ့ တတိယမြောက် ဇာတ်ကားနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။
“မကြီး ဇာတ်လမ်းတွဲလေးက ၉ လပိုင်း နောက်ဆုံးပတ်မ ှစရိုက်မှာပါ။ မင်းသားက သရုပ်ဆောင်ပိုင်း ပိုကောင်းအောင် ဆရာ မောင်မျိုးမင်းဆီမှာ ပညာတွေ သင်ယူနေပါတယ်။ ဇာတ်ကား အမျိုးအစားကတော့ မိဘမေတ္တာကားလေးပါ။ ဒီဇာတ်လမ်းတွဲက ကိုယ့်ဟာကိုယ် ရိုက်တာပါ။ ပထမကားကလည်း အောင်မြင်ခဲ့တယ်။ ဒုတိယကားကျတော့ ဈေးကွက် အရ သိပ်မရောင်းရတာနဲ့ တတိယကား မထုတ်ဘဲ ဇာတ်လမ်းတွဲ လုပ်လိုက်တာပါ။ ဘယ်ကနေ လွှင့်ဖြစ်မလဲ တော့ မပြောတတ်သေးပါဘူး။ ကားက မရိုက်ရသေးပါဘူး” လို့ မကြီးစန်းက ဆိုပါတယ်။
မိတ်ကပ် ခင်စန်းဝင်းဟာ ပထမဆုံး ရိုက်ကူးခဲ့တဲ့ “မကြီးစန်းနှင့် သူ၏ ချစ်သူများ” ဗီဒီယိုဇာတ်ကားကနေတဆင့် သရုပ်ဆောင် တယောက်အဖြစ် ပရိသတ်တွေ လက်ခံလာတာဖြစ်ပြီး ဒုတိယမြောက်ဇာတ်ကား “တနေ့မှာ မောင့်ကို ဒီအကြောင်းတွေ ပြောရဦးမယ်” ဆိုတဲ့ ဇာတ်ကားကလည်း ပရိသတ်တွေ အားပေးခဲ့ကြပါတယ်။
ဆက်စပ်ဖတ်ရှုရန် – မကြီးစန်းရဲ့ “တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်”