Entertainment

“ကိုယ်လုပ်တဲ့ အလုပ်ကို ရိုးသားဖို့၊ ကြိုးစားဖို့၊ သစ္စာရှိဖို့ လိုပါတယ်”

Want create site? Find Free WordPress Themes and plugins.

အသံချိုချိုလေးနဲ့ သီချင်းကောင်းတွေ သီဆိုတတ်ပြီး အသံအားလည်း အရမ်းကောင်းတဲ့ အဆိုတော် ချမ်းချမ်းက အနုပညာ အလုပ်တွေ၊ စီးပွားရေးအလုပ်တွေကြောင့် အလုပ်ရှုပ်နေတတ်လို သမီးလေးကိုလည်း အချိန်ပေးနေရတဲ့ မိခင်ပါ။

အဆိုတော် ချမ်းချမ်းက Melody World သီချင်းဆို ပြိုင်ပွဲမှ တဆင့် အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး “တကယ်ဆိုရင် အချစ်ပဲလိုတယ်” ၊ “သိပ်ချစ်တယ်၊ အရမ်းမုန်းတယ်” ၊ “အိပ်မက်” ၊ “သို့… ချစ်နေတုန်းပဲ” စတဲ့ တကိုယ်တော် ခွေများ ထွက်ရှိထားတဲ့ နိုင်ငံကျော် အဆိုတော် တဦးဖြစ်ပါတယ်။  ဒါ့အပြင် ချမ်းချမ်းဟာ Myanmar Idol သီချင်းဆို ပြိုင်ပွဲ Season 1 တုန်းက ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သူ တဦးပါ။

အဆိုတော် ချမ်းချမ်းကို လတ်တလော အနုပညာလှုပ်ရှားမှုများ၊ သူ့ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်း၊ လက်ရှိ Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲ အပေါ်အမြင်နဲ့ သူ့ရဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ဧရာဝတီ သတင်းဌာနမှ အနုပညာ သတင်းထောက် ချစ်ပိုးက အခုလို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ ရှိရင် ပြောပြပေးပါဦး။

ဖြေ ။ ။ ကျမ လက်ရှိ ရန်ကုန်မှာ ရှိုးတွေဆိုဖြစ်တယ်။ ကျမရဲ့ “သို့… ချစ်နေတုန်းပဲ” ကို VCD ရိုက်ဖို့ လုပ်နေတယ်။ မိန်းကလေး ၅ ယောက် အတွဲခွေ လုပ်နေတယ်။Melody World 2017 သီချင်းခွေထွက်ဖို့ လုပ်နေတယ်။ အွန်လိုင်းကနေ သီချင်းတင်ဖို့ လုပ်နေတယ်။

မေး ။ ။ အွန်လိုင်းကနေ တင်သွားမယ့် သီချင်းအကြောင်းလည်း ပြောပြပေးပါဦး။

ဖြေ ။ ။ သီချင်းက တပုဒ်ပါဘဲ။ Surprise လုပ်ထားမှာမို့ မပြောသေးဘူး။ နောက်တပတ်လောက်ဆို တင်မှာပါ။

မေး ။ ။ စီးပွားရေး လုပ်ငန်း လုပ်ကိုင်တော့မယ်လို့ သိရတယ်။ အဲ့တာလေးလည်း ပြောပေးပါဦး။

ဖြေ ။ ။ ကျမ စားသောက်ဆိုင်လေး ဖွင့်မယ်။ ကျမတို့ မျိုးရိုးကလည်း အစားအသောက်ရောင်းတဲ့ မျိုးရိုးဆိုတော့ မြန်မာ အစားအစာတွေရော၊ European အစားအစာတွေရော၊ Bar & Restaurant လေးရယ် Mini Bar လေး လုပ်ဖို့ ရှိပါတယ်။ ကျမ နောက်၂ လ ဆိုရင်တော့ ဖွင့်မယ်။ ကျမ မွေးနေ့နားပေါ့။ ၈ လပိုင်း ၉ လပိုင်းလောက်တော့ ဖွင့်ဖို့ ရှိတယ်။ နာမည်တွေ ဘာတွေကတော့ စဉ်းစားတုန်းပါ။ ကျမဆိုင်အတွက် အခုမှ Decoration လုပ်နေတုန်းပါ။ နေရာက ဧရာချမ်းသာ ကွန်ပေါင်းထဲမှာပါပဲ။

မေး ။ ။ ဒိုင်လုပ်ပီးနောက်ပိုင်း Myanmar Idol ကို ကြည့်ဖြစ်လား။ အခုလည်း ၁၁ ယောက် ရွေးချယ်ပြီပြီဆိုတော့ မချမ်းချမ်း အနေနဲ့ ရွေးချယ်မှုကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ကျမ အမှန်တိုင်း ပြောရရင် သမီးလေးတဖက်၊ အလုပ်တဖက်တွေကြောင့် မကြည့်ဖြစ်ဘူး။ အွန်လိုင်းကနေတော့ ဘယ်သူတွေ ဘယ်လိုကောင်းတယ်ဆိုတာ နားထောင်ဖြစ်တယ်။ လေ့လာဖြစ်တယ်။ ပွဲစဉ်တိုင်းတော့ မကြည့်ဖြစ်ဘူး။ နောက်ပိုင်းလူတွေလည်း ကောင်းတယ်။ စိတ်တော့ စိတ်လှုပ်ရှားစရာပေါ့။ တခါတလေ ပရိသတ်အကြိုက်နဲ့ ဒိုင်တွေ အကြိုက်နဲ့ မတူတတ်ဘူးပေါ့။ အကောင်းဆုံး ကြိုးစားရမှာ သူတို့ ကံတွေ၊ ဉာဏ်တွေ၊ စန်းတွေပေါ့။ အားလုံး ကံကောင်းပါစေလို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ အစ်မ ဒိုင်လုပ်ခဲ့တုန်းကလည်း ဝေဖန်ကြတယ်။ အဲ့ဒီအပေါ်မှာ အစ်မ ခံစားချက် ဘယ်လိုတွေ ဖြစ်ခဲ့လဲ။

ဖြေ ။ ။ အလုပ်တခု လုပ်ရင်တော့ ကောင်းတာရော၊ ဆိုးတာရော တွဲလာမှာပဲ။ ကျမတို့တုန်းက Myanmar Idol က ပထမဆုံးပွဲ ဆိုတော့ ပရိသတ်တွေက စည်းမျဉ်းစည်းကမ်းတွေ သိပ်နားမလည်ကြသေးဘူး။ ကျမတို့က အဲ့လို နားမလည် တာကို ရှင်းပြရင်းနဲ့ အမုန်းလည်း ခံရပါတယ်။ အမုန်းခံရကျိုး နပ်တယ်။ ကျမတို့ရွေးချယ်ခဲ့တဲ့ စောလားထော်ဝါးတို့ အသုတ်က ကလေးတွေ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ပရိသတ်နဲ့ သူတို့ အရည်အချင်းရှိတာကို ပရိသတ်တွေ သိသွားတယ် လေနော်။ အဓိကက ကိုယ်မြေတောင် မြှောက်ပေးလိုက်တဲ့ ကလေးတွေသည် တကယ်ကို အရည်အချင်းရှိတဲ့ မျိုးဆက် ဖြစ်ဖို့အရမ်းအရေးကြီးတယ်။

အခု အနုပညာ လျှောက်လှမ်းပေါ်မှာ တွေ့ရတော့ အရမ်းဝမ်းသာတယ်။ ဒါကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ် ရတာပဲလေ နော်။ အဲ့အတွက် ပီတိဖြစ်ပါတယ်။ နောက်လာမယ့် ကလေးတွေလည်း အောင်မြင်ကြဦးမှာပဲ။ ကလေးတွေ အကုန် တော်ကြပါတယ်။ အောင်မြင်မှုလမ်းပေါ်မှာ ရှိကြတဲ့အတွက်ကြောင့် ဒီထက်မက ပိုပြီး အောင်မြင်ဖို့ကတော့ သူတို့ ကြိုးစားမှုပေါ့နော်။

မေး ။ ။ အစ်မနောက်ပိုင်း ဘာလို့ ဒိုင်ဆက်မလုပ် ဖြစ်တော့တာလဲ။

ဖြေ ။ ။ ကျမအားရင် အချိန်ရရင်တော့ ဒိုင်လုပ်ပါတယ်။ လနဲ့ချီပြီး လုပ်ရရင်တော့ကျမက သမီးတဖက်ရှိတာရယ်၊ သမီး ပညာရေးကြောင့်ရယ်၊ ကျမကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ အချိန်ပေးဖို့ရယ်၊ သီချင်းကိစ္စတွေကြောင့် ကျမ လနဲ့ ချီရင် အဆင်မပြေတာကြောင့် ရက်ပိုင်းဆိုရင်တော့ ကျမ လုပ်ပါတယ်။ ကျမ ဒီဇင်ဘာထဲမှာလည်း ဒိုင်ထိုင်ပေးဖို့ တပွဲ ရှိသေးတယ်။ အချိန်သိပ်မယူတဲ့ ပွဲလေးတွေဆို ကျမလုပ်ဖြစ်ပါတယ်။

မေး ။ ။ လက်ရှိ Myanmar Idol ဒိုင်တွေကိုရော အစ်မ ဘယ်လိုမြင်မိပါလဲ။

ဖြေ ။ ။ အခု ဒိုင်တွေကလည်း ဝါရင့်ကမ္ဘာရင့်တွေပါပဲ။ ပရိသတ် မသိတဲ့ ဒိုင်မှ မပါတာလေနော်။ တကယ်ကို အရည်အချင်း ပြည့်ဝပြီး လိုလေသေးမရှိ ဝေဖန်သုံးသပ်နိုင်တဲ့သူတွေ ကျမရဲ့ စီနီယာတွေ ဖြစ်တဲ့အတွက် ကျမဘာမှ ပြောစရာ မလိုသလို စိတ်ပူစရာလည်း မလိုပါဘူး။ တကယ်ကို အရည်ချင်းရှိတဲ့ ကလေးတွေကို မွေးထုတ်ပေးနိုင်မှာပါ။

မေး ။ ။ အစ်မဆို Myanmar Idol ရဲ့ ပထမပွဲမှာပဲ စပြီး ဒိုင်လုပ်ခဲ့တယ်။ မချမ်းချမ်းကို အဲ့တုန်းက ခြိမ်းခြောက်မှုတွေလည်း လုပ်တယ်လို့ သိရတော့ အစ်မ ဘယ်လို တုန့်ပြန်ခဲ့လဲ။

ဖြေ ။ ။ ကျမတို့ကတော့ အကောင်းဆုံး လုပ်ပေးခဲ့တာပဲပေါ့။ တခါတလေ ဒေသစွဲ၊ လူမျိုးစွဲ၊ နေရာစွဲလေးတွေရှိတဲ့ အခါလည်း ပါတာပေါ့။ ကျမတို့ကတော့ တယောက်ချင်းကို လိုက်မရှင်းပြနိုင်ဘူး။ ကျမတို့ လုပ်ခဲ့တာကလည်း ဒီကလေးတွေ ကောင်းဖို့ လုပ်ခဲ့တာ ဖြစ်တဲ့အတွက် သူတို့စိတ်ထဲမှာ ကြိုက်တာလည်း ရှိမယ်။ မကြိုက်တာလည်း ရှိမယ်။ သေချာတာ တခုကတော့ အခုချိန်မှာ အဖြေထွက်သွားပြီ။ သူတို့သည် ကိုယ်ပိုင် ပရိသတ်နဲ့ အောင်မြင်မှုတွေ ရနေတော့ ကျမကို ခြိမ်းခြောက်ခဲ့တဲ့ သူတွေရော၊ မုန်းတဲ့သူတွေရော အခုချိန်မှာ နားလည်သွားပြီလေ။

တကယ်တော်တဲ့သူတွေကို ကျမတို့ ရွေးထုတ်ပေးခဲ့တာ ဖြစ်တဲ့အတွက် ဒီချိန်မှာ သူတို့လည်း အမြင်ကြည်နေ လောက်ပါပြီ။ တချို့အရာတွေက ချက်ချင်းဖြစ်ပြီး သွေးပူပြီး ပြောကြတာပေါ့။ ကျမတို့က ၄၊ ၅၊ ၆ လ ဒီကလေးတွေနဲ့ မိခင်လိုမျိုး ရင်အုပ်မကွာ စောင့်ရှောက်ပြီး သွန်သင်ပြီး အကြံဉာဏ်ပေးတဲ့ သူလောက် ဘယ်သူက သိမလဲနော်။ ပရိသတ်ကကျတော့ တီဗီပေါ်မှာလာတာကိုေ စာင့်ကြည့်တာလောက်ပဲလေ။ အနီးကပ် လုပ်ပေးနေတဲ့ ကိုယ့်ဒိုင်တွေ၊ ဆရာတွေ လောက်တော့ ဘယ်သူ ပိုသိမလဲနော်။ ကျမကတော့ အဲ့အတွက် ဘာမှ အပြစ်မယူပါဘူး။ မုန်းတဲ့သူရော ချစ်တဲ့သူရော အားလုံးကို ကျေးဇူးတင်တယ်။ ကျမတို့ အကောင်းဆုံး လုပ်ခဲ့နိုင်ပါတယ်။

မေး ။ ။ မျိုးဆက်သစ်လေးတွေအတွက် အကြံပေးစကားလေး ပြောပေးပါဦး။

ဖြေ ။ ။ ကိုယ်လုပ်တဲ့အလုပ်ကို ရိုးသားဖို့ရယ်၊ ကြိုးစားဖို့ရယ်၊ သစ္စာရှိဖို့ရယ် အရမ်းလိုပါတယ်။ အနုပညာဆိုတာ ပင်လယ်ရေလိုပဲ သောက်လို့ မကုန်ပါဘူး။ အရည်အချင်းရှိရင်တော့ အားပေးမှာပဲ။ ကိုယ်က အရည်ချင်းပြည့်ဝဖို့ လိုတယ်။ ကံကောင်းဖို့အတွက် စိတ်ထားကောင်းကောင်း ထားရမယ်။ သူများပေါ်မှာ စေတနာထားမယ်ဆို ဒီအကျိုးပေးက ကိုယ့်ဆီ ပြန်လာမှာပေါ့။

မေး ။ ။ အစ်မတို့ အိမ်ထောင်ရေး အခြေအနေကရော။

ဖြေ ။ ။ ကျမတို့ အိမ်ထောင်ရေးကတော့ကိုယ့်လမ်းကိုယ် လျှောက်ကြပြီ။သမီးလေးကိုတော့ သူ့အဖေကလည်း အဖေ တာဝန်ကျေအောင် လုပ်ပေးတယ်။ အချိန်ပေးတယ်။ ကျမလည်း ကျမ တာဝန်ကျေအောင် လုပ်ပေးတယ်။ အချိန် ပေးတယ်။ ကျန်တဲ့ ကိုယ့်လိုင်းနဲ့ ကိုယ်ပါဘဲ။ ပြန်တော့ မပေါင်းတော့ပါဘူး။ တွေ့လည်း မတွေ့ဖြစ်တော့ဘူး။ သမီးကိုတော့ သမီး ဒီတပတ် ဘယ်သူဆီမှာ နေချင်လဲဆိုပြီး ပေးနေဖြစ်တယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading