လူငယ်တွေကြားထဲက “အချစ်၊ သူငယ်ချင်း၊ သံယောဇဉ်” အဲဒီ ၃ ခုကနေ ဖြစ်ပေါ်လာတဲ့ လူငယ်အချင်းချင်း တုံ့ပြန်မှု၊ လက်စားချေမှုတွေကို ရိုက်ကူးပြသထားတဲ့ “လက်စားချေ နတ်သမီး”ရုပ်ရှင်ကားကို ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
ဆန်းကြယ်တဲ့ ဇာတ်လမ်း၊ အဆုံးသတ်ကို ကြိုမမြင်နိုင်အောင် ရိုက်ပြတဲ့ အခန်းစဉ်၊ ဇာတ်သိမ်းမှာ ပရိသတ်တွေကို တွေးယူ စေချင်တဲ့ စိတ်ကူးတွေနဲ့ ဖန်တီးရိုက်ကူးထားတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ လက်ရာဇာတ်ကားတခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ “Dim” အဖြစ် ဖြိုးငွေစိုး၊ “လင်းနေ” အဖြစ် သြဘာ၊ “ပိုး” အဖြစ် သက်မွန်မြင့်၊ “Vinky” အဖြစ် နန်းဆုဦးတို့က သရုပ်ဆောင်ထားတာပါ။
“လင်းနေ၊ ပိုးနဲ့ Vinky” တို့ သူငယ်ချင်း ၃ ဦး ရှိပြီး လင်းနေနဲ့ ပိုးက သူငယ်ချင်းဘဝကနေ အဆင့်တက်သွားတဲ့ ချစ်သူတွေ၊ လင်းနေက သူ့ချစ်သူနဲ့ သူငယ်ချင်းမကို နတ်ကွန်းတခုကို ခေါ်ဆောင်သွားပြီး “လက်စားချေ နတ်သမီး” ရုပ်တုနဲ့ ခွင့်လွှတ်တဲ့ နတ်ရုပ်တုတွေနဲ့ ပေးတွေ့ခဲ့ပါတယ်။ ချစ်သူနှစ်ဦးကြားမှာ အညှိုးတေးတွေ ရှိလာတဲ့အခါ လက်စားချေချင် သူက မိမိချစ်သူရဲ့ပုံကို “လက်စားချေ နတ်သမီး” လက်ထဲ ထည့်ပြီး ဆုတောင်းရမှာဖြစ်ပြီး ခွင့်လွှတ်သူတွေ အတွက် ခွင့်လွှတ် နတ်ရုပ် လက်ထဲ ထည့်ရမယ်လို့ ဆိုပါတယ်။
အဲဒီ နတ်ကွန်းကို ၃ ဦး အတူသွားရင်းနဲ့ နတ်ကွန်းမှာ ပိုးရဲ့ဖုန်း မေ့ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ဖုန်းကို တယောက်တည်း ပြန်ယူတဲ့ ပိုးကို Dim က စိတ်ဝင်စားပြီး နတ်ကွန်းကို ပိုးနောက်ကနေ လိုက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ လူငယ် ၄ ဦး ကြား လက်စားချေခြင်းတွေ စတင်လာတယ်ဆိုတဲ့ ဇာတ်လမ်းပါ။
“လက်စားချေခြင်း”ဆိုတာကို အဓိက ဦးတည်ထားသလို တဆက်တည်းမှာပဲ မမြင်ရတဲ့အရာတွေရဲ့ ဖြစ်တည်မှုတွေကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပြပေမယ့် တချို့အခန်းတွေမှာ အားနည်းမှု အနည်းငယ် တွေ့ရပါတယ်။ နတ်ကွန်းမှာ တွေ့ရတဲ့ နတ်ဆရာမကြီးအဖြစ် သရုပ်ဆောင်တဲ့ မျိုးမျိုးခိုင်ရဲ့ သရုပ်ဆောင်မှုတချို့ဟာ မမြင်ရတဲ့အရာတွေကို စူးစမ်း ကြည့်ချင်စိတ်ထက် ရီစရာ ဖြစ်သွားပါတယ်။ ဒီလိုဖြစ်အောင် တမင်လုပ်ခိုင်းတာလားဆိုတာတော့ ဒါရိုက်တာပဲ ပြောပြနိုင်မှာ ဖြစ်ပေမယ့် ရုပ်တုနဲ့ နတ်ကွန်းအပေါ် စူးစမ်းချင်စိတ်၊ ဆန်းကြယ်စိတ်ကိုတော့ လျော့သွားစေတယ်လို့ ခံစားမိပါတယ်။
နောက်တခုကတော့ သရုပ်ဆောင်သစ် သြဘာပါ။ သြဘာအတွက် “လက်စားချေနတ်သမီး” ဇာတ်ကားဟာ ရုံတင် ရုပ်ရှင်ကားအနေနဲ့ ၂ ကားမြောက် ဆိုပေမယ့် “လက်စားချေနတ်သမီး”ကို အရင်ဆုံး ရိုက်ကူးခဲ့ရတာ ဖြစ်ပြီး နောက်မှ ရိုက်ခဲ့တဲ့ “ဂယ်ဘဲ သရဲ”ကားက အရင်ရုံတင်ပြသခဲ့တာပါ။
ဒါကြောင့် ဒီကားဟာ သြဘာအတွက် သရုပ်ဆောင်မှု ပထမဆုံး ရုပ်ရှင်ကားကြီးပါ။ အသစ်တယောက်အနေနဲ့ ဝါရင့် သရုပ်ဆောင် ၃ ဦးကြား အတော်လေး ကြိုးစားခဲ့ရတယ်ဆိုတာ သြဘာရဲ့သရုပ်ဆောင်မှုတွေက သက်သေပြနေပါတယ်။ စကားပြောတွေများစွာ၊ မျက်နှာ၊ မျက်လုံး အဓိက သရုပ်ဆောင်ရမှုတွေက အသစ်တယောက်အတွက် ခက်ခဲရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
ဇာတ်ကောင် ကာရိုက်တာဖြစ်တဲ့ “လင်းနေ” ဆိုတာထက် ပြောရတဲ့ ဒိုင်ယာလော့တွေကြား၊ တိုင်းရင်းသားသွေး နှောနေတဲ့ သြဘာအနေနဲ့ အသံပီသအောင် ကြိုးစားရင်း၊ သရုပ်ဆောင်ကြီးတွေနဲ့ အပြိုင် အမှီလိုက်နိုင်အောင် အစွမ်းကုန်ကြိုးစားရင်း စိတ်ကျဉ်းကြပ်နေတယ်လို့ ခံစားမိပါတယ်။ ဖြိုးငွေစိုးနဲ့ သက်မွန်မြင့်ကတော့ ဝါရင့်သရုပ်ဆောင်တွေ ပီသစွာ စကားတွေ ထိုင်ပြောရတဲ့ အခန်းတွေမှာတောင် မျက်နှာ၊ မျက်လုံး၊ နှုတ်ခမ်း တခုမကျန် ပရိသတ်ကို ဆွဲဆောင် သွားနိုင်ပါတယ်။
နန်းဆုဦးကလည်း ဇာတ်လမ်း အဆုံးသတ်ကို ပရိသတ်တွေ ကြိုမသိနိုင်စေဖို့၊ “ဘယ်သူက ဘယ်သူ့ကို လက်စားချေ နေတယ်” ဆိုတာကို ပရိသတ်တွေ အတွေးလွဲသွားစေဖို့ အိုဗာအိုက်တင်တချို့ လုပ်ပြခဲ့ရတာက လွဲရင် နန်းဆုဦးဟန်အတိုင်း သရုပ်ဆောင်ပြနိုင်ပါတယ်။ ရိုက်မပြ ထားပေမယ့် ဇာတ်ကောင်တွေရဲ့ စကားလုံးတွေက တဆင့် ပရိသတ်တွေ ကိုယ်တိုင်ပဲ နားလည်လိုက်ရတဲ့ အခန်းမျိုးတွေလည်း ပါဝင်ပြီး ဒါဟာ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဟန်အတိုင်း ပရိသတ်တွေကို တွေးယူခိုင်းတဲ့ စတိုင်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် “လက်စားချေ နတ်သမီး” ရုပ်ရှင်ဇာတ်ကားက လှုပ်လှုပ်ရှားရှား ခံစားမှုကို လိုချင်တဲ့ ပရိသတ်တွေအတွက် ကြည့်ချင်စရာ ကောင်းတဲ့ ဇာတ်လမ်းမျိုး ဖြစ်မလာနိုင်ဘဲ တွေးယူရတာ နှစ်သက်တဲ့ ပရိသတ်အတွက်သာ သီးသန့် ရိုက်ကူး ထားတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ပုံမှန်ဇာတ်ကား တကားလို့ မြင်မိပါတယ်။