Universal Pictures ရုပ်ရှင်ထုတ်လုပ်ရေးဟာ ကမ္ဘာကျော် အမေရိကန် အာကာသယာဉ်မှူး Neil Armstrong အကြောင်း ရိုက်ကူးထားတဲ့ “First Man” ရုပ်ရှင်ရဲ့ ဓာတ်ပုံတွေကို ဖြန့်ချိခဲ့ပြီးတဲ့ နောက်မှာတော့ အခုဆိုရင် ပထမဆုံး Trailer ဗီဒီယိုကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
ထူးခြားပြောင်မြောက်တဲ့ အာကာယာဉ်မှူး Neil Armstrong အဖြစ် မင်းသား Ryan Gosling က ပါဝင် သရုပ်ဆောင် ထားပါတယ်။ အဲဒီ Trailer ဗီဒီယိုထဲမှာဆိုရင်တော့ လပေါ်မှာ လူသားတဦး ပထမဆုံး ခြေချနိုင်ဖို့အတွက် နာဆာရဲ့ Mission အတွက် ပြင်ဆင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီ Mission အတွက် ရွေးချယ်ခံထားရတဲ့ Armstrong ဟာ စမ်းသပ်မှုတွေကို ဆောင်ရွက်ခဲ့ရပြီး တချို့ စမ်းသပ်မှုတွေမှာ ဆိုရင် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ရွှေကမ္ဘာလုံးဆုရှင် Claire Foy ပါဝင်သရုပ်ဆောင်ထားတဲ့ Armstrong ရဲ့ ဇနီး အပါအဝင် သူ့မိသားစုဟာ သူ့အတွက်နဲ့ Mission အတွက် စိုးရိမ်မှုတွေဖြစ်ခဲ့ကြပါတယ်။
အခု Trailer ဗီဒီယိုထဲမှာ ဆိုရင်တော့ Armstrong တယောက် လပေါ်မှာ ပထမဆုံး ခြေမချခင် အချိန်အထိ ဖြစ်ရပ်တွေကို အသေးစိတ် တင်ပြထားတာ တွေ့ရပါတယ်။ သမိုင်းမှာ အန္တရာယ်အများဆုံး အာကာသ Mission တခုဖြစ်တဲ့ လပေါ်ကို ပထမဆုံး သွားရောက်မယ့် လူသား တယောက်အနေနဲ့ ဒီရုပ်ရှင်ထဲမှာ စွန့်လွှတ်မှုနဲ့အတူ ပေးဆပ်ကုန်ကျမှုတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အဆိုပါ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဟာ စာရေးဆရာ James Hansen ရဲ့ “First Man: A Life Of Neil A. Armstrong” စာအုပ်ကို Josh Singer က ဇာတ်ညွှန်း ရေးသားပေးထားတာ ဖြစ်ပါတယ်။ “La La Land” ရုပ်ရှင်မှာ အတူလက်တွဲရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Damien Chazelle နဲ့အတူ မင်းသား Gosling က အတူပြန်လည် ပါဝင်လာတာ ဖြစ်ပါတယ်။
မင်းသား Gosling ကို အာကာသယာဉ်မှူး Armstrong နေရာမှာ ရိုက်ကူးဖု့ိ သူ့ရဲ့ ပထမဆုံး ရွေးချယ်မှု ဖြစ်တယ်လို့ ဒါရိုက်တာ Chazelle ကဆိုပါတယ်။ “First Man” ရုပ်ရှင်ကို အမေရိကန်နိုင်ငံမှာ အောက်တိုဘာလ ၁၂ ရက်နေ့ ဆိုရင် စတင် ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
Ref : aceshowbiz