Entertainment

မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ထိပ်ဆုံးရောက်ရှိနေတဲ့ "Ocean's 8" ရုပ်ရှင်

“Ocean’s 8” ရုပ်ရှင်ဟာ ဇွန်လ ၈ ရက်နေ့နဲ့ ၁၀ ရက်နေ့ကြား သီတင်းပတ် ကုန်ပိုင်းကာလမှာ မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာတော့ ထိပ်ဆုံးနေရာကို ရယူထားနိုင်ခဲ့ပါတယ်။ အမျိုးသမီး ဇာတ်ဆောင်တွေကို အဓိကထားတဲ့ အဆိုပါ “Ocean’s 8” ရုပ်ရှင်မှာတော့ Sandra Bullock, Anne Hathaway နဲ့ Cate Blanchett တို့က ဦးဆောင်ပါဝင်ထားပြီး ရုံဝင်ငွေ ဒေါ်လာ ၄၁ ဒဿမ ၅ သန်းနဲ့ ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပါတယ်။

The Wrap.com ရဲ့ အဆိုအရ Ocean ရုပ်ရှင်တွေထဲမှာ ဒီရုပ်ရှင်ဟာ ပွဲဦးထွက် အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကို စတင် မပြသခင်ကတည်းက ပါဝင်ထားတဲ့သရုပ်ဆောင်တွေက အမျိုးသမီးတွေအနေနဲ့ အဓိက ဇာတ်ဆောင် မင်းသားတွေရဲ့ အကူအညီ မပါဘဲ ကမ္ဘာ့ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းနေရာကို ရယူနိုင်တဲ့ ရုပ်ရှင်ကား တကားဖြစ်အောင် ဖန်တီးနိုင်တယ်ဆိုတာ ဟောလိဝုဒ်က အမှုဆောင်ဒါရိုက်တာတွေကို သက်သေပြဖို့ ရည်ရွယ်ထားတဲ့အကြောင်း ထုတ်ဖော် ပြောကြားထားပြီး ဖြစ်ပါတယ်။

အခုလအစောပိုင်းမှာ မင်းသမီး Cate Blanchett က “အမျိုးသမီးတွေရဲ့ သရုပ်ဆောင်ချက်တွေဟာ ရောင်းကောင်းမှာ မဟုတ်ဘူး ဆိုတဲ့ ထင်မြင်ချက်က တော်တော်လေးကို နုံနဲ့တဲ့ ထင်မြင်ချက်ပါ။ အပျင်းတွေ၊ ငတုံးတွေသာ ဒီလိုမျိုး တွေးကြတာပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။

“Solo: A Star Wars Story” ရုပ်ရှင်ကတော့ ရုံဝင်ငွေ ဒေါ်လာ ၁၅ ဒဿမ ၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ကမ္ဘာတဝန်းကနေ ရုံဝင်ငွေ ၃၁၂ ဒဿမ ၂ သန်း ရရှိထားပြီး ဖြစ်ပါတယ်။ Deadpool 2 ရုပ်ရှင်ကတော့ တတိယနေရာမှာ ဒေါ်လာ ၁၃ ဒဿမ ၈ သန်းနဲ့ ရပ်တည်နေပါတယ်။ “Hereditary” ရုပ်ရှင်က ဒေါ်လာ ၁၃ သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေပြီး “Avengers: Infinity War” ရုပ်ရှင်ကတော့ ဒေါ်လာ ၆ ဒဿမ ၉ သန်းနဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။

ကမ္ဘာတဝန်း ရုံငွေစာရင်းမှာတော့ “Jurassic World: Fallen Kingdom” ရုပ်ရှင်ဟာ ဒေါ်လာ ၁၅၁ ဒဿမ ၁ သန်းနဲ့ နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။ ပဉ္စမမြောက် ဒိုင်နိုဆောရုပ်ရှင်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ ဒေါ်လာ ၂၇ ဒဿမ ၂ သန်းနဲ့ စံချိန်တင် အဖွင့်လှခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံမှာ ဇွန်လ ၂၂ ရက်နေ့ ရောက်မှသာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Universal ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ နိုင်ငံတကာ ဖြန့်ချိရေး ဥက္ကဌ Duncan Clark က “Jurassic World ရုပ်ရှင်ဟာ ရုပ်ရှင် အမျိုးအစားတခုပဲ ဖြစ်ပါတယ်။ ဒီအတွဲလိုက် ရုပ်ရှင်တွေထဲက ရုပ်ရှင်တခုချင်းစီကို ကမ္ဘာပေါ်မှာတင်ပြနိုင်ဖို့ ရည်ရွယ် ဖန်တီးထားတာဖြစ်ပါတယ်။ လွမ်းဆွတ် တမ်းတဖွယ်၊ ဇာတ်ကြောင်းနားဆင်ဖွယ်၊ ဖျော်ဖြေမှုကို သာယာနာပျော်ဖွယ် တင်ဆက်ထားတဲ့ ကျနော်တို့ရဲ့ ရုပ်ရှင်ဟာ တရုတ်၊ သြစတေးလျ၊ လက်တင်အမေရိက နဲ့ မြောက်အမေရိက တို့လိုမျိုး အဓိက ဈေးကွက်တွေမှာ ပြသနိုင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: aceshowbiz

Loading