အဆိုတော် ဝိုင်းစုခိုင်သိန်းက ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲကို VIVO ဖုန်းရဲ့ Brand Ambassador တယောက်အနေနဲ့ VIVO နဲ့အတူ ကမ္ဘာ့ဖလားကို သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ပျက်သွားတယ်လို့ ဆိုပါတယ်။
“အစီအစဉ် ဘယ်လိုကြောင့် ပျက်တယ်တော့ ဝိုင်းစု မသိဘူးပေါ့နော်။ ပထမတော့ ရုရှား သွားရမယ်လို့ ပြောထားတာ။ ဒါပေမယ့် သူတို့ အလုပ်ရှုပ်နေတယ် ထင်ပါတယ်။ FIFA World Cup ကို Sponsor ပေးဖို့ ဆိုတာလည်း မလွယ်ဘူးလေ။ အဲဒီနေရာကို ရတဲ့အတွက်လည်း VIVO အတွက် ဝိုင်းစု ဂုဏ်ယူတယ်။ VIVO ရဲ့ Brand Ambessador တယောက်အနေနဲ့ ရောပေါ့နော်”လို့ ဝိုင်းစုခိုင်သိန်းက ဧရာဝတီကို ပြောပါတယ်။
ဝိုင်းစုခိုင်သိန်းက ရုရှား မသွားဖြစ်ပေမယ့် ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့ အစီအစဉ်ကို မြန်မာနိုင်ငံမှာ VIVO နဲ့ အတူ လုပ်ဆောင်ရမယ့် Program တွေမှာတော့ အတူပါဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဒီမှာပဲ ကမ္ဘာ့ဖလားကို အားလုံးက Live ကြည့်ကြမယ် ပြောတယ်။ အနုပညာရှင်တွေနဲ့ ရောပေါ့။ ဘယ်နေ့ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ အဲဒီလို ဝိုင်းစုတို့တွေ Live ကြည့်နေတာကို ဟိုနိုင်ငံမှာလည်း Live ပြနေမယ် ပြောတယ်။ Program လေး တခုလိုပေါ့”လို့ ပြောပါတယ်။
ဝိုင်းစုခိုင်သိန်းက VIVO ရဲ့ Brand Ambassador အနေနဲ့ လုပ်ဆောင်ပေးနေတာ ၂ နှစ်ရှိပြီလို့ သိရပါတယ်။ နောက်ပိုင်းမှာ ဝိုင်းစုခိုင်သိန်းက သရုပ်ဆောင်မှုတွေနဲ့ အတော်ကင်းကွာနေတာကြောင့် ဆက်လုပ်ဖို့ ရှိ ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။
“လုံးဝကြီး အပြီးအပိုင် နားလိုက်တာတော့ မဟုတ်ဘူး။ ဝိုင်းစု စိတ်ဝင်စားတဲ့ အရာ၊ စိတ်ဝင်စားတဲ့ ဇာတ်ဆိုရင် ရိုက်မယ်။ ဒါမှမဟုတ် ဝိုင်းစုကိုယ်တိုင် ကိုယ့်ဟာကိုယ် ထုတ်ရိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ သူများ လာငှားတာကို ရိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်တော့ရယ်၊ဘယ်ဟာရယ်လို့တော့မသိဘူး။ ဝိုင်းစု စိတ်ဝင်စားတဲ့အချိန်ဆို ရိုက်ဖြစ်မယ်။ ရိုက်ရင်လည်း ဝိုင်းစု ကောင်းကောင်းလေးပဲ ရိုက်ချင်တယ်။ အဲဒါကြောင့်ပါ။ မရိုက်တော့တာတော့ မဟုတ်ဘူး”လို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။
“သီချင်းကျတော့ ဝိုင်းစု ၂ နှစ်၊ ၃ နှစ် ဝူးဝူးဝါးဝါးနဲ့ စညည်းတတ်တဲ့ အရွယ်ကတည်းက ဝါသနာပါခဲ့တာဆိုတော့ သီချင်းနဲ့ ပတ်သက်ရင်တော့ ပရိသတ် လက်ခံသရွေ့ ဝိုင်းစုလုပ်ချင်တယ်။ ငယ်ကတည်းက ဝါသနာဆိုတော့ ဝါသနာအရ လုပ်နေ ရတဲ့ သဘောပါ” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
လက်ရှိ အနုပညာရေး၊ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း “ဝိုင်းစု သီချင်းအသစ်တွေ ထပ်လုပ်နေတယ်။ ရထားတဲ့ သီချင်း အသစ်တွေကိုလည်း တော်တော်လေး ကျေနပ်နေတယ်။ ပရိသတ်တွေအတွက် သီချင်းအသစ်တွေ ထပ်ဆိုနေတယ်။ လက်ရှိ အချိန်မှာ ဝိုင်းစု အရမ်းစိတ်ချမ်းသာနေပါတယ်”လို့ ဆိုပါတယ်။
ဝိုင်းစုခိုငိသိန်းရဲ့ သီချင်းခွေအသစ်အတွက် အဆိုတော် အောင်လက ဝိုင်းကူပေးနေသလို သီချင်းအသစ် တချို့လည်း ရေးပေးထားတယ်လို့ သိရပါတယ်။ ဝိုင်းစုခိုင်သိန်းက တကိုယ်တော်ခွေကိုလည်း မကြာခင် ထွက်ရှိနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။