ကိုရီးယားမင်းသား Seo In Guk (ဆောအင်ဂွတ်) နဲ့ မင်းသမီး Jung So Min (ဂျောင်ဆိုမင်) တို့ဟာ ဒရာမာ (ရုပ်သံ ဇာတ်လမ်း) အသစ် တခုမှာ တွေ့ဆုံကြတော့ မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာပဲ မင်းသား Seo ဟာ “100 Million Stars Falling from the Sky” လို့ အမည်ရတဲ့ ဒရာမာမှာ ပါဝင်လာမှာ ဖြစ်တယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။
ဇွန်လ ၁၁ ရက်နေ့မှာတော့ tvN ရုပ်သံလိုင်းက “Seo In Guk အပြင်၊ Jung So Min ကလည်း ‘100 Million Stars Falling from the Sky’ ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင် မင်းသမီး အဖြစ် ပါဝင်ဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်” လို့ ကြေညာခဲ့ပါတယ်။
အဲဒီ ဒရာမာဟာ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်တူ ဂျပန် ဒရာမာတခုကို ပြန်လည်ရိုက်ကူးမှာ ဖြစ်ပါတယ်။ မင်းသမီး Jung ဟာ ငယ်ငယ်ကတည်းက မိဘတွေကို ဆုံးရှုံးခဲ့ပေမယ့် အစ်ကိုဖြစ်သူရဲ့ ချစ်ခင် စောင့်ရှောက်မှုနဲ့ ကြီးပြင်းခဲ့သူ ကြော်ငြာဒီဇိုင်နာ Yoo Jin Kang အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။
သူဟာ Kim Moo Young (Seo In Guk) ဆိုသူနဲ့ တွေ့ဆုံခဲ့ပြီး သူ့ဘဝမှာ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ တဦးကို တဦး ထူးဆန်းတဲ့ ကံကြမ္မာနဲ့ ဆက်နွယ်နေတဲ့အကြောင်း သိရှိခဲ့ကြပြီး ဘဝရှင်သန် နေထိုင်သွားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီဒရာမာကို “King of High School” နဲ့ “Oh My Ghostess” တို့လိုမျိုး နာမည်ကျော် ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Yoo Jae Won က ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ “My Sweet City” တို့လိုမျိုး ဇာတ်လမ်းတွဲနဲ့ “My Mother the Mermaid” နဲ့ “My Wife Got Married” တို့လိုမျိုး ရုပ်ရှင်တွေကို ဇာတ်ညွှန်းရေးသားပေးခဲ့တဲ့ Song Hye Jin က ရေးသားပေးမှာ ဖြစ်ပါတယ်။
“100 Million Stars Falling from the Sky” ဇာတ်လမ်းတွဲကို tvN ရုပ်သံလိုင်း ကနေ ဒီနှစ် ဒုတိယနှစ်ဝက် ကာလမှာ ထုတ်လွှင့် ပြသသွားမှာပဲ ဖြစ်ပါတယ်။
Ref: soompi