အိမ်ထောင်ပြုလိုက်တဲ့ အချိန်မှာ ဆိုးရွားတဲ့ ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရပေမယ့် ဝေဖန်မှုများကို အကောင်းဆုံး ကျော်ဖြတ် နိုင်ခဲ့တဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ အခုအချိန်မှာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး သားတယောက်ရဲ့ မိခင်အနေနဲ့ ကိုယ့်ဘဝနဲ့ကိုယ်ပျော်နေပြီး ကျန်တာတွေကို ဂရုမစိုက်ဖြစ်တော့ဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“သဉ္ဇာက မင်းသမီး စလုပ်ကတည်းက ဝေဖန်ခံရတယ်။ မင်းသမီးတိုင်းကတော့ ဝေဖန်ခံရတာပဲလေ။ ဒါပေမယ့် သဉ္ဇာ အဆိုးဆုံး ဝေဖန်ခံရတာဆိုရင် သဉ္ဇာ အိမ်ထောင်ပြုတဲ့အချိန်မှာ ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့် သဉ္ဇာ့အမျိုးသားက အရမ်းကို နားလည်ပေးတဲ့အတွက် သဉ္ဇာလည်း အနေရ မခက်ဘူး။ ပြီးတော့ သူက ဘေးနားမှာ မားမားမတ်မတ် ရပ်တည်ပေးတယ် ဆိုတော့ ကျန်တဲ့ပြောတာတွေကို ဂရုမစိုက်တော့ဘူးပေါ့။ ကိုယ့်ဘဝနဲ့ကိုယ် ပျော်နေတော့ ကျန်တာတွေ ဂရုမစိုက် ဖြစ်တော့ဘူးပေါ့။ အမျိုးသားကိုပဲ ကျေးဇူးတင်ပါတယ်”လို့ သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။
သဉ္ဇာနွယ်ဝင်းဟာ အခုအချိန်မှာတော့ အနုပညာအလုပ်များကို မလုပ်တော့ဘဲ ၇ လ အရွယ် သားလေးကို ထိန်းကျောင်းရင်း အမျိုးသားရဲ့ စီးပွားရေးလုပ်ငန်းများကို လေ့လာနေတယ်လို့ ပြောပါတယ်။
“အနုပညာကတော့ မလုပ်ဖြစ်တော့ဘူး။ စီးပွားရေးဘက်မှာတော့ စီးပွားရေး လုပ်ငန်းလုပ်တဲ့ သူတယောက်တော့ ဖြစ်ချင်ပါတယ်။ အဲဒါကြောင့် အမျိုးသားဆီကနေ သင်နေပါတယ်။ လေ့လာဆဲပါ။ ပန်းဆိုင်လုပ်တာလည်း ဝါသနာပါတယ်။ Wedding Grown တွေလုပ်တာလည်း ဝါသနာပါတယ်။ ဒါပေမယ့် အမျိုးသားနဲ့အတူ စားသောက်ဆိုင်ကိုပဲ လုပ်ဖြစ်မယ် ထင်ပါတယ်”လို့ သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။
သဉ္ဇာနွယ်ဝင်းက သားလေးအတွက် ဂုဏ်ယူရတဲ့ မိခင်ကောင်းတယောက် ဖြစ်ချင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရင်း အိမ်မှုကိစ္စ နိုင်နင်းတဲ့ မိခင်တယောက်လည်း ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သားဖြစ်သူနဲ့ အတူ People Impact ဆိုတဲ့ ၆ လ မှ စတင်ကာ ထားလို့ရတဲ့ ကျောင်းမှာ မိခင်ရော ကလေးပါ တက်ရောက်နေတယ်လို့ ပြောပါတယ်။
“သားလေးက အခု အသက်က ၇ လ ရှိပါပြီ။ သားလေးကို အသက် ၆ လ ကတည်းက ကျောင်းစထားတာပေါ့နော်။ အဲဒီ ကျောင်းက ၆ လ ကတည်းက ထားလို့ရတယ်ဆိုတော့ အမေနဲ့အတူ ကျောင်းတက်ရတာပါ။ တချို့ကပြောတယ်။ ကလေးက အရမ်းငယ်သေးတယ်။ ဘာလို့ ကျောင်းထားတာလဲ ပေါ့နော်။ အစတုန်းကတော့ သဉ္ဇာလည်း အဲဒီလိုပဲ စဉ်းစားတယ်။ ၆ လ အရွယ်၊ ဘာမှမသိဘူးဆိုပြီး ထင်တယ်ပေါ့။ ဒါပေမယ့် သွားသင်ကြည့်တဲ့အချိန်မှာ အရမ်း ထူးခြားတယ်။ ကလေးက အရင်က လူအရမ်းကြောက်တယ်။ လူတွေနား မသွားရဲဘူး။ အခုဆိုရင် လူတွေနဲ့ ပျော်လာပြီ” လို့ ပြောပါတယ်။
နောက်ထပ် ကလေးယူရန် အစီအစဉ်ရှိတဲ့အတွက် အနုပညာအလုပ်များကို လုပ်ဖို့ မဖြစ်နိုင်တော့ဘဲ သားသမီး ၃ ယောက် အထိ ယူဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ်။ သဉ္ဇာနွယ်ဝင်းက လက်ရှိမှာ အမျိုးသားနဲ့ အတူ စားသောက်ဆိုင်များကို တိုးချဲ့ကာ ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။