Entertainment

“သစ္စာဖောက်” ဟု ဆိုကာ ဆန္ဒပြခံရတဲ့ ဘောလိဝုဒ် မင်းသမီး Priyanka Chopra

Want create site? Find Free WordPress Themes and plugins.

ဘောလိဝုဒ် စူပါစတား Priyanka Chopra က သူပါဝင် သရုပ်ဆောင်ထားတဲ့ အမေရိကန်ရုပ်သံ ဇာတ်လမ်းတွဲ တခုမှာ အိန္ဒိယဟိန္ဒူ အမျိုးသားရေးဝါဒီတွေက လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်မှု ဖော်ထုတ်ပုံ ပါရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာပဲ တောင်းပန်လိုက်ပါတယ်။

သည်းထိတ်ရင်ဖို ထောက်လှမ်းရေး ဇာတ်လမ်းတွဲ “Quantico” ရဲ့ အပိုင်းတခုမှာ မင်းသမီး Chopra ရဲ့ ဇာတ်ကောင် ဖြစ်တဲ့ FBI အေးဂျင့် Alex Parrish ဟာ ဟိန္ဒူပုတီးကို ဝတ်ဆင်ထားတဲ့ အကြမ်းဖက်သမားတဦးကို သတိပြုမိပြီး သူတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးနိုင်ခဲ့ပုံကို ဖော်ပြထားပါတယ်။

ပြိုင်ဘက်တွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့အကြားမှာရှိတဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကတ်ရှ်မီးယား ဒေသမှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲတခု မတိုင်ခင် စီစဉ်ထားတဲ့ တိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံသားတွေက လုပ်ဆောင်တယ်လို့ဆိုပြီး အကြမ်းဖက်သမားတွေက ချောက်တွန်းဖို့ အစီအစဉ်ဖြစ်ပါတယ်။ ကတ်ရှ်မီးယားဒေသ ဆိုတာ ကတော့ နျူကလီးယားပိုင်ဆိုင်တဲ့ အိမ်နီးချင်း နိုင်ငံနှစ်ခုကြား သမိုင်းဝင် တင်းမာမှုဖြစ်နေတဲ့ နေရာဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အပိုင်းမှာတော့ ဒေါသထွက်နေတဲ့ အိန္ဒိယနိုင်ငံသား ပရိသတ်တွေက အိန္ဒိယ မွေးဖွားခဲ့တဲ့ မင်းသမီး Chopra အတွက် ရှက်မိကြောင်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ တင်ကြသလို သစ္စာဖောက်လို့လည်း ခေါ်ဆိုခဲ့ကြပါတယ်။ မယ်ကမ္ဘာဟောင်း ဖြစ်သူ မင်းသမီး Chopra ကတော့ အိန္ဒိယနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူပြီး ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

အသက် ၃၅ နှစ်အရွယ် မင်းသမီး Chopra က “ကျမတော်တော်လေး ဝမ်းနည်းမိပြီး မကြားသေးခင်က ထုတ်လွှင့်ခဲ့တဲ့ Quantico ရဲ့ အပိုင်းတခုကြောင့် စိတ်ခံစားချက်တွေ ထိခိုက်ခဲ့ရတာကိုလည်း တောင်းပန်ပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

အဲဒီတောင်းပန်စာမှာ မင်းသမီးက “ကျမ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ စိတ်ရင်းနဲ့  တောင်းပန်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။ အဲဒီမှုခင်း ဒရာမာကို ထုတ်လုပ်သူတွေဖြစ်တဲ့ ABC Studios က ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ မင်းသမီး Chopra ကို ကာကွယ်ပေးပြီး တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။

မင်းသမီး Chopra ဟာ အဲဒီအပိုင်းထုတ်လွှင့်ခဲ့ပြီး ချိန်ကစလို့ Twitter မှာ အပြောအဆို ခံနေရပြီး ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ တုန်းကလည်း မြို့တော် နယူးဒေလီမှာ သူ့ကို ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ အမေရိကန်ရုပ်သံစီးရီးမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသူ Chopra ဟာ အိန္ဒိယပရိသတ်တွေ ကြားမှာ အထူးနာမည်ကျော်ကြားသူ ဖြစ်ပြီး အနောက်တိုင်း ဖျော်ဖြေရေးလုပ်ငန်းအထိ ထိုးဖောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးခင်တုန်းကတော့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ သံတမန်အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီမွတ်စလင်တွေထံ သွားရောက်လည်ပတ်ခဲ့ပေမယ့် အနှိပ်စက်ခံ ဟိန္ဒူလူမျိုးတွေကို မသိကျိုးကျွံ ပြုခဲ့တဲ့အတွက် ဟိန္ဒူလူမျိုးအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုကိုလည်းခံခဲ့ရပါတယ်။

Ref:Reuters

Did you find apk for android? You can find new Free Android Games and apps.
Loading