သရုပ်ဆောင် စိုးပြည့်သဇင်က လက်ရှိမှာ “ဇနီးချောများ ကွန်ယက်” ဆိုတဲ့ ရုပ်သံစီးရီးမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲက စိုးပြည့်သဇင်အတွက် ပထမဆုံးရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး ရိုက်ကူးရာမှာ မြန်မာဝတ်စုံများကိုသာ ဝတ်ဆင်ပြီးရိုက်ကူးနေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
စိုးပြည့်သဇင်က ဒီဇာတ်လမ်းတွဲမှာ အပိုင်း ၃၀ စီးရီးတွဲအတွက် ဝတ်စုံကို အစုံ ၁၆၀ ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို ဝတ်စုံ ရာကျော်အတွက်လည်း ဒီဇိုင်နာ မေမြတ်ဝါဆို တဦးတည်း တာဝန်ယူ ချုပ်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီလောက်များတဲ့ အဝတ်အစားတွေကို ဇာတ်ကား တကားတည်းအတွက် စိုးပြည့် တခါမှ မစီစဉ်ခဲ့ဖူးဘူးပေါ့နော်။ ဒီဇိုင်နာ မေမြတ်ဝါဆိုက သူပဲစဉ်းစားပေးတယ်။ ချုပ်ပေးတယ်ဆိုတော့ စိုးပြည့်အတွက် တော်သေးတာပေါ့။ စိုးပြည့်က တကားလုံး မြန်မာဝတ်စုံတွေပဲ ဝတ်ရတယ်။ ဘယ်အခန်းမှာ ဘယ်လိုဆိုတာတော့ စိုးပြည့်လိုချင်တဲ့ ပုံစံလေးတွေ ပြောပြ ထားရတာပေါ့” လို့ စိုးပြည့်သဇင်က ဆိုပါတယ်။
ဇာတ်လမ်းတွဲ ရိုက်ကူးမှုနဲ့ ပတ်သတ်ပြီးတော့လည်း “ရုပ်သံစီးရီးကို စိုးပြည့်တခါမှ မရိုက်ဖူးသေးဘူး။ ဒါကစိုးပြည့်အတွက် First Series ပေါ့နော်။ စိုးပြည့်အတွက် အတွေ့ အကြုံလည်း ရတာပေါ့။ ပြီးတော့ ဒါရိုက်တာ ဦးအောင်သြဘာနဲ့က ဟိုးအရင်ကတည်းက ရိုက်ဖူးတယ်။ သူနဲ့လည်း စိုးပြည့် ဇာတ်လမ်းတွဲမှာ ပြန်ဆုံတာပေါ့နော်” လို့ ဧရာဝတီကို ဆိုပါတယ်။
စိုးပြည့်သဇင် ရိုက်ကူးတဲ့ ဇနီးချောများ ကွန်ယက် ဇာတ်လမ်းတွဲက စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) ရဲ့ ဝတ္ထုဖြစ်ပြီး အိမ်ထောင်သည်များရဲ့အကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။ အိမ်ထောင်သည် အမျိုးသမီး ၄ ယောက်ရဲ့ ဇာတ်အိမ်ကိုတည်ပြီး အမျိုးသမီးများရဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့ ဇာတ်လည်း ဖြစ်ပါတယ်။
“ဒီကားမှာ စိုးပြည့်တို့က Facebook Page တခုရဲ့ Admin တွေပေါ့။ အိမ်ထောင်ရေး ပြဿနာတွေကို ဖြေရှင်းပေး နေတာလေ။ ကိုယ်တွေ တယောက်ချင်းစီရဲ့ ပြဿနာလည်း ပါမယ်။ တခြားသူတွေရဲ့ ပြဿနာတွေလည်း ပါမယ်။ တကယ့် တကယ် ကိုယ်တိုင်လည်း ပြဿနာတက်ရော ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ဖြစ်ကြတာပေါ့။ အဓိကကတော့ အိမ်ထောင်ရှိတဲ့သူတိုင်းမှာ ကြုံတွေ့ရတဲ့ အရာတွေက တူချင်လည်းတူမယ်။ တူချင်မှလည်း တူနိုင်မယ်။အဲ့ဒါလေးတွေကို ရသစုံစုံနဲ့ ကြည့်နိုင်မယ်” လို့ စိုးပြည့်သဇင်က ပြောပါတယ်။
စိုးပြည့်သဇင် ပါဝင် သရုပ်ဆောင်ထားတဲ့ “ဇနီးချောများ ကွန်ယက်” ရုပ်သံဇာတ်လမ်းတွဲကို ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ MRTV ကနေ ပြသပေးမှာ ဖြစ်ပြီး ပါဝင်ကြတဲ့ တခြားအနုပညာရှင်များကတော့ ခင်သဇင်၊ မြနှင်းရည်လွင်နဲ့ မေဘရဏီသော်တို့ပဲ ဖြစ်ပါတယ်။