အသက် ၉ လသားအရွယ် သားလေးရဲ့မိခင်ဖြစ်တဲ့ သရုပ်ဆောင် မိုးယုစံကတော့ ခန္ဓာကိုယ် ထိန်းသိမ်းမှုအတွက် သားလေးကို နို့တိုက်နေရသေးတာကြောင့် ဝိတ်မလျော့ဖြစ်သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ခန္ဓာကိုယ်က ထိန်းသိမ်းတာမျိုးကိုတော့ မရှိသေးဘူး။ ပုံမှန်အတိုင်းပဲ။ ကိုယ်ဝန်ရှိတုန်းကတော့ ကိုယ်ဝန်ဆိပ် တက်ပြီး ဝလာတယ်။ ကိုယ်ဝန်ရှိတော့ အစားအသောက်က ပုံမှန်ထက်ပိုစားတော့ ဝတာလည်းရှိမယ်။ ဒါပေမယ့် ကလေးမွေးပြီးတဲ့ အခါကျတော့ အရင်က ကလေးမမွေးခင်က ဖောထားတဲ့ဟာတွေက ကျသွားတယ်။ ကလေးမွေးပြီးတော့ အရင်က စားသောက်တဲ့အတိုင်း ပြန်ဖြစ်သွားတယ်။ သူများတွေလို နည်းနည်းလေး စားတဲ့ထဲ မပါဘူး။ အခုထိလည်း မလျော့ရ သေးဘူး။ ကလေးကလည်း နို့တိုက်နေတုန်း ဆိုတော့ မလျော့ရသေးဘူး။ လောလောဆယ်ဘာမှ မလုပ်ရသေးဘူး”လို့ မိုးယုစံက ပြောပါတယ်။
လတ်တလောမှာတော့ မိုးယုစံက အနုပညာလှုပ်ရှားမှုအနေနဲ့ ဓာတ်ပုံရိုက်ကူးမှုသာရှိပြီး သားလေးနဲ့အတူ တပတ်ကို တရက် ကျောင်းတက်နေတယ်လို့ပြောပါတယ်။
“သားသားက အခု အသက်က ၉ လပါ။ ကျောင်းက ၆ လဆို စထားလို့ ရပါပြီ။ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒီမှာကတော့ အခုနောက်ပိုင်းမှာ ပေါ်လာတာပေါ့နော်။ အဲဒီကျောင်းမှာ ထားဖြစ်တယ်။ ကျောင်းက ဆက်သွယ်လာတယ်။ စိတ်လည်းဝင်စားလို့ ထားဖြစ်တာပါ။ ကျောင်းမှာတော့ အရွယ်နဲ့လိုက်အောင် သင်ပေးပါတယ်”လို့ မိုးယုစံက ဆိုပါတယ်။
“လက်လေးတွေ ခြေလေးတွေ သန်စွမ်းအောင် ဆော့ပေးတယ်။ သီချင်းလေးတွေ ဖွင့်ပေးတယ်။ ဆရာမတွေက အင်္ဂလိပ်လိုပြောတော့ သူတို့ငယ်ငယ်လေးထဲက နားရည်ဝတာပေါ့နော်။ မကြာသေးဘူး။ ရက်ပိုင်းပဲရှိသေးတယ်။ တိုးတက်မှုကတော့ ရှိပါတယ်”လို့ မိုးယုစံက ဆိုပါတယ်။
မိုးယုစံက မင်းသမီးတယောက်ဘဝကနေ အခုအခါ မိခင်တယောက်နေရာကို ရောက်သွားတဲ့အတွက် ဘယ်လို ပြောင်းလဲမှုတွေ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။
“အခုဆိုရင် သားသားပေါ်မှာ လုပ်ပေးနိုင်သမျှ ရာနှုန်းပြည့် လုပ်ပေးတယ်။ တာဝန်ကျေတဲ့ မိခင်တယောက်လို့ ထင်ပါတယ်။ တာဝန်ကျေအောင်လည်း ဖြည့်ဆည်းပေးတယ်။ အစားအသောက်ဆိုရင်လည်း သူ့အရွယ်မှာ ရရမယ့် အာဟာရတွေ ပြည့်မြောက်အောင်၊ ဦးနှောက်ဆိုရင်လည်း သူ့အရွယ်နဲ့သူ ဖွံ့ဖြိုးအောင် သင်ပေးတယ်”
“အခုခေတ်ကလေးတွေက ငယ်ငယ်လေးထဲက သူတို့ရဲ့ ဦးနှောက်တွေက မြင့်လာတယ်။ မိခင်ရဲ့ အစားအသောက်တွေ သူတို့ကိုတိုက်တဲ့ ဆေးဝါးတွေကြောင့်လို့ ထင်ပါတယ်။ ဉာဏ်ရည်တိုးတက်လာတယ်” လို့ မိုးယုစံက ပြောပါတယ်။