“Wonder Woman” ရုပ်ရှင်မင်းသမီး Gal Gadot ကတော့ မင်းသား Dwayne Johnson ပါဝင်မှာဖြစ်ပြီး လာမယ့် ဧပြီလမှာ စတင်ရိုက်ကူးမယ့် အက်ရှင်ဟာသဇာတ်မြူး ရုပ်ရှင် “Red Notice” မှာ ပါဝင် သရုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်၊ ဇွန် ၁၂ ရက်မှာ ရုံတင်မှာ ဖြစ်တယ်လို့ Universal ရုပ်ရှင်ထုတ်လုပ်ရေးက ဆိုပါတယ်။
မင်းသား Johnson ဟာ “Skyscraper” နဲ့ “Central Intelligence” မှာ အတူလက်တွဲ ရိုက်ကူးခဲ့တဲ့ စာရေးဆရာ- ဒါရိုက်တာ Rawson Marshall Thurber နဲ့ ပြန်လည် လက်တွဲ ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ မင်းသားဟာ ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အနုပညာပစ္စည်း သူခိုးကို ဖမ်းဆီးဖို့ လုပ်ဆောင်ရမယ့် အင်တာပိုလ်ရဲတပ်ဖွဲ့ အေဂျင့်တဦးအနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။
ရုပ်ရှင်ကို “Skyscraper” အဖွဲ့ကပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ မင်းသား Johnson ဟာ ဒီရုပ်ရှင်အတွက် ပထမအရစ် အနုပညာကြေး ဒေါ်လာ သန်း ၂ဝ ကို ရရှိမှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ မင်းသား Johnson နဲ့ မင်းသား Kevin Hart တို့အတူတွဲသရုပ်ဆောင်ထားတဲ့ Sony ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Jumanji: Welcome to the Jungle” ရုပ်ရှင်က အထူးအောင်မြင်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ ဒီရုပ်ရှင်ရိုက်ကူးခွင့်ကို Universal က ရရှိခဲ့တာဖြစ်ပါတယ်။
မင်းသမီး Gadot ဟာ ၂၀၁၉ ခုနှစ်မှာထွက်ရှိမယ့် ဒါရိုက်တာ Patty Jenkins ရိုက်ကူးနေတဲ့ “Wonder Woman 2” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ မင်းသမီးဟာ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “My Dearest Fidel” ရုပ်ရှင်ကို ကိုယ်တိုင်ထုတ်လုပ်ပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ဦးမှာလည်း ဖြစ်ပါတယ်။
Deadline မီဒီယာရဲ့အဆိုအရ ဒါရိုက်တာ Thurber ဟာ သူရိုက်ကူးမယ့် ရုပ်ရှင်မှာ အဓိကမင်းသမီး အဖြစ် ပါဝင်စေဖို့ အစ္စရေးမင်းသမီး Gadot ကို လန်ဒန်အထိ သွားတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “Red Notice” ရုပ်ရှင်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် မင်းသမီး Gadot ကတော့ အနုပညာလောကမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref: variety