ဧရာဝတီသတင်းဌာန ၂၅ နှစ် ပြည့်အတွက် အဆိုတော် အမွန်းရဲ့ ဆုတောင်းစကား
ဧရာဝတီ သတင်းဌာနရဲ့ ၂၅နှစ်မြောက် အထိမ်းအမှတ်အတွက် နိုင်ငံကျော် အဆိုတော် အမွန်းက ဧရာဝတီနှင့် သီးသန့် တွေ့ဆုံမှု အင်တာဗျူး တခုမှာ အခုလိုပဲ ဆုတောင်းပေးခဲ့ပါတယ်။
“ဧရာဝတီသတင်းဌာန ၂၅နှစ်တောင် ပြည့်သွားပြီ။ တကယ်လည်း တနိုင်ငံလုံးကနေ အားကိုးတကြီးနဲ့ သတင်းတခု သိဖို့လိုတိုင်း ဖတ်လေ့ရှိတဲ့ သတင်းဌာနထဲမှာ ပါတယ်ပေါ့နော်။ အမွန်းဂုဏ်ယူပါတယ်။ ၂၅ နှစ်တောင် ပြည့်သွားပြီ ဆိုတော့ Happy Birthday ပါ။ မြန်မာဘာသာတင်မက အင်္ဂလိပ်ဗားရှင်းလည်း ရှိတယ်ဆိုတော့ မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးက ပရိသတ်တွေကို သတင်းတွေမျှနိုင်တဲ့ ဌာနကြီးဖြစ်ပါစေ။ အောင်မြင်ပါစေ။ အဓွန့်ရှည်တည်တံ့ပါစေ” လို့ အမွန်းက ဆုတောင်းပေးပါတယ်။
အနုပညာရှင်များအနေနဲ့ မီဒီဟာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လဲဆိုတာကို အမွန်းက “ဧရာဝတီလို သတင်း Platform ကြီးတွေက အမွန်းတို့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကြားထဲမှာ တကယ့်ကို ပေါင်းကူးတံတား အကြီးကြီးပါ။ သတင်းဌာနတွေ မရှိဘဲနဲ့ သတင်းတွေဆိုတာ ပြန့်ဖို့ မလွယ်ဘူးပေါ့။ အမွန်းတို့ရဲ့ ကိုယ်ပိုင် Facebook တို့၊ Instagram တို့လောက်နဲ့ပဲ ဆက်သွယ်နေရမှာပေါ့။ အခုလိုမျိုး လူတိုင်းဖတ်တဲ့ သတင်းဌာနတွေက အရေးပါတယ်လို့ အမွန်း ထင်ပါတယ်” လို့ ဆိုပါတယ်။
အဆိုတော် အမွန်းကတော့ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ အသက် ၃၀ နှစ်အောက် အာရှ ဒေသရဲ့ အလွှမ်းမိုးနိုင်ဆုံး စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အဆိုတော် အမွန်းက ၂၀၁၀ ခုနှစ်လောက်မှာ “Tiger Girls” ဆိုတဲ့ အမျိုးသမီး အဆိုတော် အဖွဲ့နဲ့ အတူ ဂီတလောကထဲကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး “Me N Ma Girls” အဖွဲ့အနေနဲ့လည်း အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။
၂၀၁၄ ခုနှစ်လောက်မှာ တကိုယ်တော် သီချင်းသီဆိုမှုတွေနဲ့ စတင်ဖျော်ဖြေခဲ့တဲ့ အမွန်းဟာ “မင်းပေးတဲ့အချစ်”၊ “Automatic” ၊ “Very Dangerous (အချစ်ဗို့အား ၁၅၀၀)” စတဲ့ တကိုယ်တော် တေးသီချင်း အယ်လ်ဘမ်များ ထွက်ရှိထားပြီး ဒါရိုက်တာ အာကာ ရိုက်ကူးတဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ကားကြီးမှာလည်း ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဧရာဝတီသတင်းဌာနကို ၁၉၉၃ခုနှစ် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှ စတင်ကာ ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း ၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့အာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာန ဖြစ်လာခဲ့ပါတယ်။