သရုပ်ဆောင် ပြေတီဦးက မကြာခင် ရုံတင်ပြသတော့မယ့် “စိန်ယောက်မ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မိန်းမလျာဇာတ်ရုပ်နဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ မိန်းမလျာဇာတ်ရုပ်ကို သရုပ်ဆောင်တဲ့အခါ ရိုက်သင့်တဲ့ ပုံစံမျိုးဖြစ်မယ်ဆိုရင် ရိုက်ကူးမှာ ဖြစ်တယ်လို့ ပြေတီဦးက ပြောပါတယ်။
ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး “ကျနော့် ကာရိုက်တာကမိဘတွေမရှိတော့ အစ်မနှစ်ယောက်နဲ့ နေရတာပေါ့။ ကျနော် အစ်မတွေက မမို့( မို့မို့မြင့်အောင်) နဲ့ မကြီးစိုး( စိုးမြတ်သူဇာ) တိို့ပါ။ အစ်မတွေက မောင်ကို အရမ်းချစ်ကြတဲ့အခါ ကျတော့ ဘယ်သူနဲ့မှ သဘောမတူဘူးပေါ့။ ဇာတ်ဝင်ခန်းမှာ ယောကျာ်းကိုကြိုက်ရတဲ့ အခြောက်နေရာကို စဉ်းစားပြီးတော့ ကိုယ်လည်း လုပ်တတ်သလိုလေး ဒါရိုက်တာနဲ့လည်း တိုင်ပင်ပြီး လုပ်ကြည့်တာပါ”လို့ ပြေတီဦးက ပြောပါတယ်။
“အခြောက် ကာရိုက်တာ လုပ်တာ ပီပြင်တယ်ပြောလို့ စိတ်ထဲမှာတောင် တမျိုးကြီး ဖြစ်လာတယ်။ လေ့ကျင့်တာတော့ မဟုတ်ဘူး။ ကိုယ့်ဟာနဲ့ကိုယ် အစမ်းလျှောက်တာတို့ ဘာတို့တော့ လုပ်ရတာပေါ့။ နောက်ပြီး ဒီကားက တကား လုံးဝ အခြောက်ပုံစံကြီး မဟုတ်ဘူးလေ။ ဇာတ်အရ လိုအပ်လို့ ၂ ခန်း ၃ ခန်းလောက်ပဲလုပ်တာတော့ ပြဿနာမရှိပါဘူး” လို့ ပြေတီဦးက ဆိုပါတယ်။
သရုပ်ဆောင် ပြေတီဦးက မိန်းမလျာ ကာရိုက်တာနဲ့ သရုပ်ဆောင်တာ နည်းပြီး အဲ့ဒီကာရိုက်တာနဲ့ပတ်သက်တဲ့ ခံစားချက်ကိုလည်း အခုလို ဆိုပါတယ်။
“အခြောက် ကာရိုက်တာကို လုံးဝ မရိုက်ဘူးလည်း မဟုတ်ပါဘူး။ ကျနော်နဲ့ မလိုက်လို့သာ အခြောက်ပုံစံတွေ မရိုက်ဖြစ်တာပါ။ အခြောက်ပုံစံမှာတောင် ကွဲပြားတာတွေ ရှိတဲ့အတွက် ကိုယ်လုပ်နိုင်တဲ့ ပုံစံမျိုးလည်း ဖြစ်မယ်၊ ဇာတ်လမ်းအရလည်း ရိုက်သင့်တဲ့ ပုံစံမျိုးလည်း ဖြစ်မယ်ဆိုရင် ရိုက်ဖြစ်ချင်လည်း ရိုက်ဖြစ်မှာပါ။ လုံးဝ မရိုက်ဘူးဆိုပြီး ငြင်းထားတာမျိုးတော့ မဟုတ်ပါဘူး’’လို့ ပြေတီဦးက ပြောပါတယ်။
“စိန်ယောက်မ” ဇာတ်ကားမှာ မိန်းမလျာဇာတ်ရုပ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဇနီးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ မယုံသင်္ကာဖြစ်တာတောင် ခံခဲ့ရတယ်လို့ ပြေတီဦးက ဆိုပါတယ်။
”မအူဝဲလား ထွေလာကိုကြည့်ပြီးတော့ တော်တော်ပီပြင်နေတယ်နော်တဲ့။ မဟုတ်ပါဘူး မိန်းမရယ် Mood ဝင်သွားလို့ သရုပ်ဆောင်ထားတာပါလို့ ဆိုပြီးတော့ သူ့ကိုလည်း ရှင်းပြရသေးတယ်၊ သူကတောင် ကိုယ့်ကို မယုံသင်္ကာနဲ့ တော်တော် ပီပြင်နေတယ်နော်တဲ့။ ဖင်လေး လိမ်ကျစ် လိမ်ကျစ်နဲ့ ပုံစံကိုလည်း အစ်ကို တော်တော် ကြိုးစားခဲ့ရတယ်၊ ပရိသတ်ကြိုက်မှ ကြိုက်ပါ့မလားလို့ စိတ်ပူနေတာ ဘာပဲဖြစ်ဖြစ် ထွေလာကြည့် ပြီးတဲ့လူတွေက ကြိုက်ကြတော့ တော်သေးတာပေါ့” လို့ ပြောပါတယ်။
“စိန်ယောက်မ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး) က ရိုက်ကူးပုံဖော်ထားတာပါ။
“စိန်ယောက်မ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ကျော်ရဲအောင်၊ ပြေတီဦး၊ ခင်လှိုင်၊ ထက်အောင်ရှိုင်း၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားထဲမှာတော့ ပြေတီဦးက မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာတို့ရဲ့ မောင် အငယ်ဆုံးနေရာက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။