ဘောလိဝုဒ် မင်းသမီးချော Deepika Padukone (ဒိပိကာ ပဒူခုန်) ကို ၁၉၈၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အနုပညာကြေးအများဆုံးရုပ်ရှင် မင်းသမီးတဦးဖြစ်ပြီး Filmfare ၃ ဆု အပါအဝင် ဆုပေါင်း များစွာ ရရှိထားသူ တဦးလည်းဖြစ်ပါတယ်။
မင်းသမီး Deepika Padukone ဟာ အိန္ဒိယနိုင်ငံရဲ့ နာမည်အကျော် အကြားဆုံး ပုဂ္ဂိုလ်တဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ လွှမ်းမိုးမှု အရှိဆုံး လူ အယောက် ၁၀၀ စာရင်းမှာလည်း Time မဂ္ဂဇင်းရဲ့ ဖော်ပြတာကို ခံခဲ့ရသူပါ။ နာမည်ကျော် ကြက်တောင် အားကစားသမား Prakash Padukone ရဲ့ သမီးဖြစ်သူ Deepika ဟာ Copenhagen မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး Bangalore မြို့မှာ ကြီးပြင်းခဲ့သူပါ။
ဆယ်ကျော်သက်အရွယ်တုန်းက သူဟာ အမျိုးသားအဆင့် ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဖက်ရှင် မော်ဒယ်တဦး ဖြစ်လိုတာကြောင့် အားကစားလောကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ ရုပ်ရှင်တွေမှာ ပါဝင်ဖို့ ကမ်းလှမ်း ခံခဲ့ရပြီး ၂၀၀၆ ခုနှစ်မှာတော့ “Aishwarya” ဆိုတဲ့ ရုပ်ရှင်နဲ့ ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။
အဲဒီနောက် ၂၀၀၇ ခုနှစ်မှာ “Om Shanti Om” ရုပ်ရှင်မှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ပွဲဦးထွက်ဆုအဖြစ် Filmfare Award ဆုကို ရရှိခဲ့ပါတယ်။
သူဟာ ၂၀၀၉ ခုနှစ်မှာ ဖြန့်ချိတဲ့ “Love Aaj Kal” ဆိုတဲ့ ရုပ်ရှင်နဲ့ ၂၀၁၀ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Lafangey Parindey” ရုပ်ရှင်တို့မှာ အဓိကသရုပ်ဆောင် မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အောင်မြင်တဲ့ မင်းသမီး ဖြစ်ခဲ့ပေမယ့် ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Housefull” လိုမျိုး ရုပ်ရှင်မှာ အဆိုးမြင်မှတ်ချက် ပေးခံခဲ့ရပါတယ်။
မင်းသမီး Deepika Padukone ရဲ့ ဘဝလှည့်အပြောင်း ဖြစ်သွားစေတဲ့ ရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်မြူး “Cocktail” ဆိုတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်နဲ့ ဆုပေးပွဲ တော်တော်များများမှာ အကောင်းဆုံး မင်းသမီးဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အိန္ဒိယ ရုပ်ရှင်လောကမှာ ရုံဝင်ငွေအများဆုံး ရုပ်ရှင်တွေဖြစ်တဲ့ “Chennai Express, Happy New Year, Bajirao Mastani နဲ့ Padmaavat “ ရုပ်ရှင်တို့မှာ ဆက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ “Goliyon Ki Raasleela Ram-Leela” နဲ့ ၂၀၁၅ ခုနှစ်မှာ “Piku” ရုပ်ရှင်တို့နဲ့ အကောင်းဆုံးမင်းသမီးဆုတွေကို ထပ်မံ ရရှိခဲ့ပြန်ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ “xXx: Return of Xander Cage” မှာပါဝင်ခဲ့ပြီး ဟောလိဝုဒ်အနုပညာ ရပ်ဝန်းထဲကို မင်းသမီး Deepika Padukone စတင် ရောက်ရှိခဲ့ပါတယ်။ မင်းသမီးဟာ သရုပ်ဆောင်အလုပ်အပြင် စတိတ်ရှိုးတွေမှာ ပါဝင်သလို အိန္ဒိယသတင်းစာ တခုမှာလည်း ဆောင်းပါးတွေ ရေးလေ့ရှိပါတယ်။ အမျိုးသမီးတွေအတွက် ကိုယ်ပိုင်အဝတ်အစား ဒီဇိုင်းကို တီထွင်ခဲ့တဲ့အပြင် အိန္ဒိယမှာ စိတ်ကျန်းမာရေး အသိပေးဖို့အတွက် ဖန်တီးထားတဲ့ The Live Love Laugh ဖောင်ဒေးရှင်း ထူထောင်သူလည်း ဖြစ်ပါတယ်။
အရမ်းနာမည်ကြီးတဲ့ မင်းသမီးဖြစ်ပေမယ့် မိသားစုနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလည်း ဖြစ်ပါတယ်။ ပုံမှန်ဆို သလို မွေးရပ်မြေ Bangalore မြို့ကို သွားရောက် လည်ပတ်လေ့ ရှိပါတယ်။ အခုတော့ မင်းသမီးဟာ မွမ်ဘိုင်းမြို့နားက Prabhadevi ဒေသမှာ နေထိုင်နေပါတယ်။ ဟိန္ဒူဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပြီး မကြာခဏဆိုသလို ဘုရားကျောင်းတွေနဲ့ နာမည်ကျော် နတ်ကွန်းတွေဆီ ကိုလည်း သွားရောက်လေ့ရှိပါတယ်။
၂၀၀၈ ခုနှစ်မှာ သူဟာ “Bachna Ae Haseeno” ရုပ်ရှင်မှာ အတူတွဲပြီး သရုပ် ဆောင်ခဲ့တဲ့ မင်းသား Ranbir Kapoor နဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ အဲဒီနောက် မင်းသား Ranbir နဲ့ ပြတ်သွားခဲ့ပြီးနောက် မကြာသေးခင်ကပဲ လုပ်ဖော်ကိုင်ဖက် မင်းသား Ranveer Singh နဲ့ မေတ္တာမျှနေပြီလို့ အတည်ပြုထားပါတယ်။ မင်းသမီးက “ကျမတို့အတူတူရှိနေတဲ့အခါ တခြားဘာကိုမှ မလိုအပ်တော့ပါဘူး” ဆိုတဲ့အထိ ထုတ်ပြောခဲ့ပါတယ်။
မင်းသမီးဟာ အိန္ဒိယနိုင်ငံအတွက် Tissot, Sony Cyber-shot, Nescafe, Vogue eyewear, Maybelline, Coca-Cola, L’Oréal Paris, Myntra တို့လိုမျိုး Brand တွေနဲ့ ထုတ်ကုန်ပစ္စည်းတွေ အတွက် ပင်တိုင်မော်ဒယ်လည်း ဖြစ်ပါတယ်။ မင်းသမီး Deepika Padukone ဟာ ကြော်ငြာတွေကနေ တနှစ်ကို ဒေါ်လာ ၇ သိန်းခွဲလောက် ရတယ်လို့ ဆိုပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မင်းသမီး Deepika Padukone ဟာ အက၊ စာဖတ်ခြင်း၊ ကြက်တောင်ကစားခြင်းနဲ့ ဟင်းချက်ခြင်းတို့ကို ကြိုက်နှစ်သက် သူတယောက်လည်း ဖြစ်ပြီး မကြာခင် မင်းသမီးကို “Vishal Bhardwaj Untitled” ဆိုတဲ့ ရုပ်ရှင်မှာ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။
Ref : Wiki