သရုပ်ဆောင် စိုးရန်အောင်ကတော့ မကြာခင်မှာ ရုံတင်တော့မယ့် “ကျွန်တော်တို့ ချစ်သော”ဆိုတဲ့ တပ်မတော်ကား ရိုက်ကူးတာနဲ့ ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှ မရှိပါဘူးလို့ ပြောပါတယ်။
“ဒီကားကို ရိုက်တာ ဘာမျှော်မှန်းချက်မှ မရှိပါဘူး။ ကျနော်တို့ လုပ်ချင်တဲ့ အရာလေးတခု ၊ အနုပညာလေး တခုကို လူငယ်တွေ တတ်နိုင်တဲ့ဘက်က ဖန်တီးရိုက်ကြတာပါ။ ဒီအတွက်လည်း ကျန်တဲ့ မျှော်လင့်ချက်လည်း ဘာမှ မရှိပါဘူး။ အနုပညာတခုကို ပုံဖော်လိုက်တာပါပဲ”လို့ စိုးရန်အောင်က ပြောပါတယ်။
စိုးရန်အောင်က “ကျွန်တော်တို့ ချစ်သော”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ တပ်မတော်သား တပ်ကြပ်ကြီး မြတိုးအဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။
“ဒီကားလေးက အမှတ်တရတွေ အများကြီးပဲ။ တောထဲမှာ ရိုက်နေရင်းနဲ့ ဆင်လိုက်လို့ ပြောရတာကအစ အများကြီးပါပဲ။ တကယ့် တောထဲမှာ သွားရိုက်ထားတာတွေက အမှတ်တရတွေပါ။ တချို့အပိုင်းတွေက ကျနော်ကိုယ်တိုင် အားရသလို တချို့အပိုင်းတွေမှာလည်း လိုအပ်ချက်လေးတွေ ရှိနေပါသေးတယ်။ ဒီကားမှာက တပ်မတော်သား တပ်ကြပ်ကြီးမြတိုး နေရာက သရုပ်ဆောင်ထားပါတယ်” လို့ စိုးရန်အောင်က ပြောပါတယ်။
စိုးရန်အောင်က “ကျွန်တော်တို့ ချစ်သော”ဆိုတဲ့ တပ်မတော်ကား မရိုက်ကူးခင် အရှေ့မှာ နိုင်ငံတော်ကားတွေဖြစ်တဲ့ “ကြယ်စင်မော်ကွန်း” ၊ “ကွမ်းလုံရက် ၄၀” ရုပ်ရှင်ဇာတ်ကားများမှာလည်း တပ်မတော်သား ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ ပါတယ်။
“ရှေ့မှာလည်း ကြယ်စင်မော်ကွန်း ၊ ကွမ်းလုံရက် ၄၀ ကားမှာဆိုရင်လည်း လောက်ကိုင်တို့၊ ကွမ်းလုံတို့ တကယ့် စစ်မြေပြင်ထိ ကျနော်တို့ ရောက်ခဲ့တယ်။ အဲဒီမှာ တပ်မတော်သားအစစ်တွေနဲ့ သွားလာလှုပ်ရှားတယ်။ သူတို့ရဲ့ စိတ်ထဲမှာရှိတဲ့ ခံစားချက်တွေ ကျနော်တို့ သိခဲ့ရတယ်။ အခု ဒီကား ရိုက်တဲ့အချိန်မှာ အဲဒီတုန်းက အတွေ့အကြုံတွေက အထောက်အကူ ပြုသွားပါတယ်” လို့ ပြောပါတယ်။
“ကျွန်တော်တို့ ချစ်သော” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ဝင်းဆောင်(နေကြာရိုင်း) က ရိုက်ကူးထားပြီး စိုးရန်အောင် ၊ မိုးယုစံ ၊ ရွှေသွန်းခ ၊မေစူးနိုင် အစရှိတဲ့သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးထားပြီး ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။