သရုပ်ဆောင် ခွန်းဆင့်နေခြည်ဟာ တချိန်က မင်းသားကြီး ကျော်ဟိန်းရဲ့ သွန်သင်မှုများနဲ့အတူ အနုပညာလောကထဲကို ထဲထဲဝင်ဝင် ခြေချခွင့်ရခဲ့သူပါ။ သူ့ရဲ့ လက်ဦးဆရာဖြစ်တဲ့ ဦးကျော်ဟိန်း ပြောပြခဲ့ဖူးတဲ့ အကြောင်းအရာလေးတခုနဲ့ ပတ်သက်ပြီး ဒီနေ့မှာ ခွန်းဆင့်နေခြည်က သူ့ Facebook ပေါ်မှာ အခုလိုပဲ ရေးသားတင်ထားပါတယ်။
“ကျမ ဆရာ ဦးကျော်ဟိန်းက ပြောဖူးတယ်။ သူမင်းသားလုပ်ခါစ မင်းသားပေါက်စဘဝက နယ်ထွက်ပြီး ကားရိုက်ကြတဲ့ အခါ မင်းသား၊ မင်းသမီးနဲ့ ပါဝင်သူအားလုံး ရထားစင်းလုံးငှားပြီး သွားကြရတယ်တဲ့။ သူက မင်းသားပေါက်စ နာမည် မရှိသေးတော့ သူ့အထုတ်လေး သူပိုက်ပြီး ရထားနဲ့ လိုက်လာတဲ့အခါ ဒီလောက်ဝေးလံတဲ့ ခရီးမှာ သူ့အတွက် ထိုင်ခုံ မရရှာဘူး။ သူ့အတွက် ထိုင်ခုံ မရပေသော်ငြားလည်း အဲဒီအချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီး အောင်မြင်နေတဲ့ မင်းသမီးကြီး တယောက်က ထိုင်ခုံကို နှစ်ယောက်စာယူထားပြီး တယောက်ထဲ ထိုင်နေပါတယ်”
“သူ (ဦးကျော်ဟိန်း) က အဲ့မင်းသမီးကြီးရဲ့ရှေ့မှာ ခပ်ကုတ်ကုတ် မတ်တပ်လေးရပ်ပြီး တလမ်းလုံး ပင်ပန်းစွာ လိုက်ပါလာ ရပေမယ့် အဲ့မင်းသမီးကြီးက သူ့ဘေးက လူမရှိတဲ့ ထိုင်ခုံကို လုံးဝပေး မထိုင်ခဲ့ပါဘူးတဲ့။ ထိုင်ပါရစေလို့ ပြောတာတောင် မျက်နှာထား ခပ်တင်းတင်းနဲ့ မရဘူး။ ဒါငါ့နေရာလို့ ပြန်ပြောလိုက်လို့ သူ့ခမျာ ရန်ကုန် မန္တလေးလို လမ်းမျိုးမှာ တလမ်းလုံး အထုတ်လေးပိုက် မတ်တပ်လေး ရပ်ပြီး စီးခဲ့ရတာမျိုးပါတဲ့။ သူ့ရဲ့မှတ်မိနေတဲ့ ဖြစ်ရပ် တခုကို ကျမကို ပြောပြခဲ့ဖူးပါတယ်” လို့ ခွန်းဆင့်နေခြည်က သူ့ Facebook အကောင့်မှာ ရေးသား ထားပါတယ်။
“အသစ်အသစ်တွေကို ဖေးမ တွဲခေါ်မှု မရှိသလောက် ရှားခဲ့တာ ခုမှ မဟုတ်ဘူး၊ ဟိုးအရင်ခေတ်ကတည်းကပါ၊ အတွေ့အကြုံသက်သေနဲ့တကွ တင်ပြလိုက်ပါတယ်”လို့ ခွန်းဆင့်နေခြည်က ဆိုထားပါတယ်။
ဒီဘက်ခေတ်မှာ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ အသစ်တွေကို လက်တွဲခေါ်တယ်၊ မခေါ်ဘူးနဲ့ ပတ်သက်ပြီး ခွန်းဆင့်နေခြည်က ဆရာဖြစ်သူ ကျော်ဟိန်းရဲ့ ပြောစကားကို အခုလို ပြန်လည်မျှဝေ ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သရုပ်ဆောင်ကျော်ဟိန်းက အနုပညာအလုပ်များကို စွန့်လွတ်ကာ သာသနာ့ဘောင်မှာ ရဟန်းဝတ်နေတာ အချိန်ကြာပြီ ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ကတော့ မကြာသေးခင်ကမှ အမေရိကန်နိုင်ငံကနေ ပြန်လည် ရောက်ရှိလာပြီး လက်ရှိမှာ သူမ ထုတ်လုပ်ရေးကနေ ထုတ်လိုက်ပြီး သူမ ကိုယ်တိုင် ပါဝင်ထားတဲ့ “မှော်ဝင်သမန်းကျား” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရုံတင်ပြသဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။