သီချင်းတပုဒ်ဆို တပုုဒ်သီဆိုတိုင်း ပေါက်တတ်တဲ့ အဆိုတော် မနောက ယခုအခါ မင်းသမီး မေမြင့်မိုရ်နဲ့အတူ တွဲဖက်ပြီး “နင်လိုအပ်တဲ့ တစ်နေ့” ဆိုတဲ့ တေးသီချင်းမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီသီချင်းက အဆိုတော် သီတာသိမ့်ရဲ့ သီချင်းဖြစ်ပြီး အခုဆိုရင် ဒီသီချင်းကို ဝင်ရောက် ကြည့်ရှုသူ ၁ သန်း ကျော်သွားပြီ ဖြစ်ပါတယ်။
အဆိုပါ သီချင်းနဲ့ ပတ်သက်ပြီး “ကျနော်က သရုပ်ဆောင်ပေးထားတာပါ။ ကျနော်တို့ အဆိုတော်သစ် မသီတာသိမ့်ကို ကျနော်တို့ တတ်နိုင်သမျှ ပံ့ပိုးလိုက် ပေးလိုက်တာပါ။ ကိုယ့်ပရိသတ်လည်း ရအောင် သရုပ်ဆောင် ဖြစ်တာပါ။ မေမြင့်မိုရ်နဲ့ သရုပ်ဆောင်တဲ့ အခါမှာ အခက်အခဲ ဘာမှတော့ မရှိပါဘူး။ အဆင်ပြေပါတယ်” လို့ အဆိုတော် မနောက ဆိုပါတယ်။
“ဒီသီချင်းလေး ထိုက်သင့်သလောက်ရောက်တယ်ဆိုတာလည်း သူ့ (မေမြင့်မိုရ်) အရိပ်ကားလေးကလည်း ပေါက်နေတော့ အဲ့ပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု ပိုကောင်းသွားတာပေါ့။သီချင်းလေးက ကိုသဟာအောင် ရေးပေးထားတာ ကောင်းပါတယ်။ ကောင်းတဲ့အပေါ်မှာ သရုပ်ဖော်ဖို့ သေချာလေးရေးပြီး ရိုက်လိုက်တော့ ပိုကောင်းသွားတာပေါ့။ အခုလို ဒီသီချင်းလေးကို ကြည့်ရှုသူ များသွားတာလည်း ဝမ်းသာပါတယ်။ ကျနော်တို့ ကြိုးစားပြီး ရိုက်ကူးပေးထားတာ ပရိသတ် အားပေးတော့ ဝမ်းသာရပါတယ်”လို့ အဆိုတော် မနောက ပြောပါတယ်။
အဆိုတော် မနောက လတ်တလော အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီးလည်း အခုလို ဆိုပါတယ်။
“ကျနော် တကိုယ်တော် အခွေတွေ ထွက်ဖို့ ပြင်ဆင်နေတယ်။ ၇ လပိုင်းထဲတော့ထွက်ဖို့ ပြင်ဆင်နေတယ်။ သီချင်းနာမည် တွေတော့ မပေးရသေးပါဘူး။ သီချင်းအပုဒ်ရေ ၁၂ ပုဒ် ဝန်းကျင်လောက်တော့ ပါမယ်။ ၁၈ ရက်နေ့ကျရင် သီချင်းတပုဒ် ရိုက်ပြီး အွန်လိုင်းကနေ တင်ဖို့ ရှိပါတယ်။ မင်းသမီးကတော့ ရွေးနေတုန်းပါ။ Pop အလွမ်းသီချင်းလေးပါပဲ။ အဲ့သီချင်းလေး ရိုက်ပြီးတော့ အွန်လိုင်းကနေ တင်မှာပါ” လို့ ပြောပါတယ်။
အဆိုတော် မနောက သရုပ်ဆောင်ရာမှာလည်း ပီပြင်သူတဦးဖြစ်ပြီး သူရဲ့ သီချင်းခွေများမှာလည်း ကိုယ်တိုင် သရုပ်ဆောင်တတ်သူ တဦးပါ။ တကိုယ်တော်တေးစီးရီး ၄ ခွေထွက်ရှိထားပြီး ၅ ခွေမြောက်တေးစီးရီး ထွက်ရှိနိုင်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။