Ooredoo Group ရဲ့ Brand Ambassador ကမ္ဘာကျော် ဘောလုံးအကျော်အမော် Leo Messi နဲ့ အူရီဒူးမြန်မာ Brand Ambassador မြန်မာနိုင်ငံမှ နိုင်ငံကျော် သရုပ်ဆောင် မင်းသား ဇဏ်ခီတို့ ပူးပေါင်းပြီး Ooredoo ကြော်ငြာတခု ရိုက်ကူး ထားပြီး အဆိုပါ ကြော်ငြာမှ “ပျော်ရွှင်ခံစား အင်တာနက်စွမ်းအား”ဆိုတဲ့ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
အသစ် မိတ်ဆက်လိုက်တဲ့ အထူးအစီအစဉ်ဟာ အူရီဒူး ကွန်ရက် အသုံးပြုနေသူများအတွက် အွန်လိုင်း အစီအစဉ် တခု ဖြစ်ပြီး အဆိုပါ ထူးခြားတဲ့ အစီအစဉ်မှ တဆင့် သီးသန့် တီဗီကြော်ငြာများမှာ အူရီဒူးရဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် ပရိသတ်နဲ့ ကိုက်ညီတဲ့ အစီအစဉ်များစွာကို တင်ဆက်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုလို “FIFA World Cup 2018” (၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ) ကျင်းပနေချိန်မှာလည်း Ooredoo ရဲ့ 4G အင်တာနက်ကို အသုံးပြုပြီး My Ooredoo Application မှ တဆင့် ၂၀၁၈ ကမ္ဘာ့ဖလား ပွဲစဉ်တွေကို တိုက်ရိုက် ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။
ကမ္ဘာကျော် ဘောလုံးသမား Messi နဲ့အတူ Ooredoo ကြော်ငြာ ရိုက်ကူးဖြစ်တာနဲ့ ပတ်သက်ပြီး ဇဏ်ခီက “ကျနော် Prague မှာ သွားရိုက်ထားတဲ့ ကြော်ငြာလေးပါ။ ဘာပဲဖြစ်ဖြစ် ကျနော်အရမ်းကြိုက်ရတဲ့ ဘောလုံးသမားနဲ့ အတူ ရိုက်ခဲ့ရတာရယ်၊ ပြီးတော့ သူ့ကို မြန်မာတိုက်ပုံဝတ်ဖို့ ကိုယ်တိုင်သယ်သွား ပေးခဲ့ရတာတွေကတော့ တကယ်ကို အမှတ်တရပါပဲ”လို့ ဆိုပါတယ်။
Messi ဟာ အူရီဒူးရဲ့ ကမ္ဘာ့တဝှမ်းနှင့် သက်ဆိုင်တဲ့ အမှတ်တံဆိပ် သံတမန် တစ်ဦးအဖြစ် ၂၀၁၃ နှစ်မှ စတင် ဆောင်ရွက် ခဲ့ပြီး သူဟာ ဘာစီလိုနာကလပ် (FC Barcelona) နဲ့အာဂျင်တီးနားနိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်း (Argentina’s National Team) တို့ရဲ့ ကမ္ဘာကျော် နာမည်ကြီး ဘောလုံး ကစားသမားတဦးဖြစ်ပါတယ်။ Messi ဟာ FIFA Ballons D’or (၅) ကြိမ် ရရှိထားပြီး အဆိုပါ ဆုကို ကမ္ဘာပေါ်မှာ ၄ နှစ်ဆက်တိုက် ရရှိထားသူ တဦး ဖြစ်ပါတယ်။
သရုပ်ဆောင် မင်းသား ဇဏ်ခီကတော့ ၂၀၁၇ ခုနှစ်အတွင်းက ထွက်ရှိခဲ့တဲ့ “ဥပါယ်တံမျဉ်”(Deception) ရုပ်ရှင်နဲ့ “မုဒြာရဲ့ ခေါ်သံ” (Mudras Calling) ရုပ်ရှင်တို့နဲ့အတူ မြန်မာ ပရိသတ်များစွာ အခိုင်အမာရရှိထားတဲ့ မင်းသားတလက် ဖြစ်ပါတယ်။