လူငယ် ပရိသတ်တွေရဲ့ အားပေးမှုများစွာ ခံနေရတဲ့ မြန်မာ၊ ထိုင်း၊ ကိုရီးယား နိုင်ငံ ၃ နိုင်ငံမှ အဆိုတော် ၅ ဦး ပါဝင်တဲ့ “Rose Quartz” ဂီတအဖွဲ့ရဲ့ ဒုတိယမြောက် Single Song ဖြစ်တဲ့ “Ra Pa Pam Pam” သီချင်းမိတ်ဆက်ပွဲကို ယနေ့၊ ဇွန်လ ၁၅ ရက်နေ့၊ ရန်ကုန်မြို့၊ Sule-Shangrila ဟိုတယ်မှာ မီဒီယာများနဲ့ မိတ်ဆက်ပေးတဲ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အသစ် မိတ်ဆက်လိုက်တဲ့ ဒီသီချင်းကို Europe Malta Island နှင့် Thailand Chiang Mai မှာ ရိုက်ကူးထားပြီး သီချင်းကို ထိုင်း၊ မြန်မာ၊ ကိုရီးယားဘာသာစကား စတဲ့ ဘာသာ စကား ၃မျိုးနဲ့ သီဆိုထားတာ ဖြစ်ပါတယ်။ အဆိုပါ “Ra Pa Pam Pam” သီချင်းကို တင်လိုက်တဲ့နေ့မှာပဲ Facebook မှာ Like လုပ်သူ ဦးရေ ၂သိန်းကျော် နဲ့ Share လုပ်သူ ၁ သောင်းကျော် ရှိတာကိုလည်း တွေ့ရပါတယ်။
“Ra Pa Pam Pam သီချင်းလေးကို ကြိုက်ကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ရိုက်ကူးရေးပိုင်းမှာလည်း အခက်အခဲ တွေ ရှိပါတယ် ။ ညီမတို့ သီချင်းထဲမှာ ဘာသာစကား ၃ မျိုး ကို သီဆိုရတဲ့အတွက် အခက်အခဲတွေလည်း ရှိပါတယ်။ ညီမတို့ ဒုတိယ သီချင်းမှာတော့ အများကြီး ပြောင်းလဲထားပါတယ်။ ညီမတို့ ဝတ်ဆင်နေကျ ဖက်ရှင်တွေ ကိုတော့ 0316 Entertainment က Stylist ကပဲ စီစဉ်ပေးပါတယ်” လို့ Rose Quartz အဖွဲ့ဝင်၊ မြန်မာလူမျိုးအဆိုတော် Cindy က ပြောပါတယ်။
ဆက်လက်ပြီး “ပထမသီချင်းမှာလည်း အားပေးခဲ့ကြတယ်။ အခုသီချင်းလေးလည်း အားပေးကြတော့ အရမ်း ဝမ်းသာတယ်။ ကျေးဇူးလည်း တင်ပါတယ်။ နောက်လ Rose Quartz ကို အားပေးကြပါဦး” လို့ Cindy က ဆိုပါတယ်။
“Rose Quartz” ဂီတအဖွဲ့မှာ မြန်မာလူမျိုး အဆိုတော် နေခြည်နဲ့ Cindy (စင်ဒီ) ၊ ကိုရီးယားလူမျိုး အဆိုတော် Sung Shin နဲ့ ထိုင်းလူမျိုး အဆိုတော် Earn, Eing စတဲ့ မိန်းကလေး ၅ ဦးတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Rose Quartz အဖွဲ့ အနေနဲ့ ပထမ ထုတ်လွှတ်ခဲ့တဲ့ “Realize”သီချင်းမှာလည်း ပရိသတ်များကြား ရေပန်းစား ခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – Global အထိ ထိုးဖောက်သွားမယ့် “Rose Quartz” အဖွဲ့