Entertainment

“အစွမ်းအစ ရှိသလောက် သမီးလေးကို အမြင့်ဆုံးမှာ ထားချင်တယ်” ဆိုတဲ့ ကျော်ကျော်ဗို

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင်တဦးလည်းဖြစ် လက်ရှိမှာ သမီးတယောက်ရဲ့ အဖေလည်းဖြစ်တဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုက သမီးကို ဖခင်တယောက်အနေနဲ့ အစွမ်းအစ ရှိသလောက် အမြင့်ဆုံးမှာ ထားချင်တယ်လို့ “အဖေများနေ့” အမှတ်တရ စကားအဖြစ် ဧရာဝတီကို ဆိုပါတယ်။

“အဖေကောင်း၊ အဖေဆိုးရယ်လို့ မရှိဘူး ထင်ပါတယ်။ ကိုယ်မွေးထားတဲ့ သားသမီးကို မိဘတိုင်းကတော့ အမြင့်ဆုံး ဖြစ်စေချင်တာပဲလေ။ ကာလံ၊ ဒေသံနဲ့ သူ့အခက်အခဲ၊ အကြပ်အတည်းကြောင့်သာ စိတ်သွားတိုင်း ကိုယ်မပါ အဖေကောင်း မဖြစ်နိုင်ကြတာပါ။ ကျနော်ကတော့ မိဘထဲက မိဘတယောက်ပဲဆိုတော့ ဘာမှပိုပြီး မထူးခြားပါဘူး။ ကျနော့် အစွမ်းအစ ရှိသလောက် ကျနော့် သမီးလေးကို အမြင့်ဆုံး ဖြစ်စေချင်တယ်။ ဒီလောက်ပါပဲဗျာ” လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။

ကျော်ကျော်ဗိုမှာ “အိုက်ကီ”လို့ အမည်ပေးထားတဲ့ သမီးလေးတဦးရှိပြီး သမီးလေးနဲ့ ပတ်သက်တဲ့ အမှတ်တရ အကြောင်းများကိုလည်း အခုလို ပြောပါတယ်။

“သမီးက အနုပညာတော့ ဝါသနာပါတယ်ဗျ။ ပြီးတော့ ကျနော်နဲ့လည်း တကယ်တူတာ။ တကယ်တော့ ကျနော်က ရုပ်ရှင်သာ ရိုက်နေတာ ဒီနေ့တောင် ကျနော် Facebook မှာတင်လိုက်သေးတယ်။ ကျနော့် အချစ်ဦးက ဂီတဗျ။ ရုပ်ရှင် ကတော့ အိမ်ကပေးစားတဲ့သူပေါ့။ ကျနော်က အဲဒီလိုပြောထားတယ်။ သမီးကလည်း Music ကို တော်တော် ဝါသနာ ပါတယ်။ သမီးအတွက် ကျနော် စန္ဒရားတို့၊ တယောတို့ သင်ပေးဦးမယ်။သင်ပေးပြီးမှ သေချာလေးလုပ်ပေးမယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ဒါ့အပြင် ကျော်ကျော်ဗိုက နေ့တိုင်းက သူ့အတွက် “အဖေများနေ့” ၊ “အမေများနေ့” ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်လည်း ဖခင်ကောင်းတယောက် ဖြစ်အောင ်ကြိုးစားနေပြီး သမီးလေးမွေးထားတဲ့ ဖခင်တယောက်ရဲ့ ခံစားချက်နဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ်။

“ကျနော်က သမီးလေးကို အရွယ်ရောက်လာမှာ ကြောက်တယ်။ ရောက်လည်း ရောက်လာစေချင်တယ်။ သူတို့အရွယ်ရောက်ပြီ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီ၊ စိတ်ချရတဲ့ အနေအထားကိုပဲ မြန်မြန်ရောက်ချင်တယ်။ အဲဒီတော့ ကျနော့် မနက်ဖြန် ကျနော် မပိုင်ဘူးဗျ။ သေချာ စဉ်းစားကြည့်ရင် စိုးရိမ်တယ်။

ဒါပေမယ့် လူတိုင်းဟာ မျှော်လင့်ချက်နဲ့ မနက်ဖြန် တိုင်းဟာ ကိုယ့်အတွက် ဆိုပြီးတော့ ဖြတ်သန်းနေကြတာပဲလေ။ စဉ်းစားကြည့်ရင်တော့ ရင်လေးစရာကြီးပေါ့။ မနက်ဖြန် ကျနော် ရှိချင်မှလည်း ရှိမှာပေါ့”လို့ ဆိုပါတယ်။

သရုပ်ဆောင် ကျော်ကျော်ဗိုက လက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ “Ride On Myanmar” ခရီးသွား အစီအစဉ် ရိုက်ကူးမှုအတွက် ထိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေမှာ သွားရောက် ရိုက်ကူးဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ် – နိုင်ငံ ၃ ခု ခရီးစဉ် ဆက်သွားမယ့် “Ride On Myanmar” နဲ့ ကျော်ကျော်ဗို

Did you find apk for android? You can find new Free Android Games and apps.
Loading