အကဆရာမ တဦးဖြစ်သူ ခေမီကိုက ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူက ဆုံးပါး သွားခဲ့တဲ့အတွက် “အဖေများနေ့” ရောက်တိုင်း ဝမ်းနည်းမျက်ရည်ဝဲမိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အဖေများနေ့မှာ ခေမီကို ပထမဆုံး ပြောချင်တာက အဖေရှိရင် ကောင်းမယ်ပေါ့။ ခေမီကို ၇ တန်း နှစ်ကတည်းက အဖေက ဆုံးသွားတော့လေ။ အဖေအကြောင်းပြောရင် မျက်ရည် ဝဲချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့ အမေလည်း အမေပဲ၊ အမေပဲ အဖေပဲပေါ့။ အဲလိုမျိုးပဲ နေလာခဲ့တာ အနှစ် ၂၀ လောက်ရှိပါပြီ” လို့ ခေမီကိုက ဆိုပါတယ်။
ဖခင်ဖြစ်သူနဲ့ ပတ်သက်တဲ့ ခံစားချက်များလည်း ရှိပြီး အဖေရှိနေရင် အားရှိတယ်လို့ ခံစားရပြီး အဖေ မရှိတော့တဲ့အတွက် ရှေ့ဆက်မယ့် လမ်းကြောင်းမှာ အားမရှိသလို ခံစားမိရကြောင်းလည်း ဆိုပါတယ်။
“ကိုယ်ခံစားမိတာကတော့ အဖေရှိရင် အားရှိတယ်ပေါ့။ အမေက အားမရှိဘူးလားတော့ မဟုတ်ဘူး။ အမေကတော့ ကိုယ့်ကို သူငယ်ချင်းသဖွယ် ဘေးကနေ ဆုံးမတာပေါ့နော်။ လမ်းကြောင်းတွေ မမှားအောင်ပေါ့။ အဖေမရှိတော့လည်း ရှေ့ဆက်လှမ်းမယ့် လမ်းကြောင်းမှာ အားမရှိဘူး။ အခု အဖေများနေ့အတွက် မေးလိုက်တဲ့ အချိန်မှာ ခေမီကို နည်းနည်းတော့ ရင်ခုန်သွားတယ်။ အဖေရှိရင်တော့ ကောင်းတာပေါ့။ အဖေဆိုတာ သားသမီးတွေ ရှေ့ဆက်လှမ်းဖို့ လှေခါးပေါ့။ ဒါပေမယ့် ခေမီကို့ ဘဝမှာတော့ အမေ၊ အစ်မတွေနဲ့ပဲ ဘဝလှေခါးကို တက်လာတာပေါ့” လို့ အဖေများနေ့ ခံစားမှုကို ခေမီကိုက ပြောပြပါတယ်။
ခေမီကိုက မိဘတိုင်းဟာ အရမ်းသနားဖို့ ကောင်းကြောင်း၊ အသက်ကြီးလာချိန်မှာ အထီးကျန် မဆန်ရလေအောင် သားသမီးများမှာ တာဝန်ရှိကြောင်း၊ မိဘကို သားသမီးများက တန်ဖိုးထားစေချင်ကြောင်းလည်း ဆိုပါတယ်။
“အဖေရော၊ အမေရောက ဘုရားနဲ့ တဂိုဏ်းတည်းပါပဲ။ ဘယ်တော့မှ အစားထိုးလို့ မရတော့တဲ့ မိဘတွေပါ။ မိဘ အပြည့်အစုံ ရှိနေတဲ့သူတွေကို ပြောချင်တယ်။ အဖေ၊ အမေ ရှိနေတုန်းမှာ စိတ်ချမ်းသာအောင် ထားပါ။ ခေမီကိုတို့မှာ မိဘအစုံ မရှိတော့ အမေ့ပဲ ပုံပြီး ချစ်နေရတာပါ” လို့ ခေမီကိုက ပြောပါတယ်။

ခေမီကိုဟာ အကဆရာမ တဦးဖြစ်ပြီး အကသင်တန်းကို ပြန်လည် ပို့ချပေးနေရုံသာမက တကိုယ်တော် တေးစီးရီးခွေ များလည်း ထွက်ရှိထားကာ ရုပ်ရှင်ဇာတ်ကားကြီးများမှာလည်း မကြာခဏ ပါဝင်ကပြပြီး သရုပ်ဆောင်တဲ့သူတဦးလည်း ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ပရိသတ်ကို ဆွဲဆောင်နိုင်မယ့် အကကွက်တွေ ဖန်တီးပြသမယ့် ခေမီကို