ဇွန်လရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ဟာ “အဖေများနေ့” ပါ။ “အဖေများနေ့”မှာ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရ စကားတွေ အမှတ်တရ အကြောင်းအရာတွေကို ရေးသားလေ့ ပြောလေ့ရှိကြသလို အဖေများနေ့မှာ ကိုယ့်ရဲ့ ဖခင်ကို အမှတ်တရ လက်ဆောင်ပေးတာတွေ၊ အဖေနဲ့အတူ ညစာထွက်စားတာ အချိန်အတူ ဖြတ်သန်းတာမျိုးတွေ အမှတ်တရ ပြုလုပ်လေ့ ရှိကြပါတယ်။
ယနေ့၊ ဇွန်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ “အဖေများနေ့” မှာလည်း ဒါရိုက်တာ ခရစ္စတီးနားခီက သူ့ရဲ့ သားလေးဖြစ်သူ နိုဝါနဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် မင်းသား ဇဏ်ခီတို့ရဲ့ သားအဖ နှစ်ဦးကြားက မေတ္တာတရားကို “အဖေများနေ့” အမှတ်တရ အနေနဲ့ သူ့ရဲ့ Facebook အကောင့်မှာ ရေးသား တင်ထားပါတယ်။
“ကိုယ်ဝန် စရှိတဲ့နေ့ကတည်းက မေတ္တာတွေနဲ့ ဖုံးလွှမ်းနေတဲ့ အရိပ်အမြုံလေးဖြစ်အောင် ဖန်တီးပေးသူ၊ မေမေ့ကို ပိုချစ်ရမယ်ဆိုပြီး သားကို သင်ကြားပေးသူ၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံကြုံ၊ ဘယ်လောက် စိတ်ဆင်းရဲနေနေ အပူမီးကို သားဆီ မကူးစေသူ၊ ဖေဖေ့ မေတ္တာရိပ်မှာ သားသားအကြာကြီး ခိုနားနေတာ ကို မေမေအကြာကြီး မြင်တွေ့ခွင့်ရပါစေလို့ ဆုတောင်းပါတယ်” လို့ ခရစ္စတီးနားခီက “အဖေများနေ့” အမှတ်တရ အနေနဲ့ ရေးသား တင်ထားပါတယ်။
ခီမောင်နှံလို့ ပရိသတ်က ချစ်စနိုးခေါ်ကြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့က လိုက်ဖက်တဲ့ ဇနီးမောင်နှံ နှစ်ဦးဖြစ်ပြီး သားလေး နိုဝါနဲ့ ချစ်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားကြသူတွေပါ။ သူတို့နှစ်ဦး ဧရာဝတီက သီးသန့်မေးမြန်း တွေ့ဆုံမှု အင်တာဗျူး တခုမှာ အနုပညာ ဇနီးမောင်နှံ နှစ်ဦးအနေနဲ့ အနုပညာ အလုပ်များနဲ့ မိသားစု အပေါ် ဘယ်လို အချိန်ပေးဖြစ်လဲဆိုတာကို အခုလိုပဲ ဖြေကြားခဲ့ဖူးပါတယ်။
“အစ်မတို့ နှစ်ယောက် တခုရှိတာက ပွဲလမ်းသဘင်တွေ အရမ်းသွားတာ၊ တချို့ဟာလေးတွေကတော့ တက်ပေးရတာတွေ ရှိတယ်ပေါ့။အရင်တုန်းကဆိုရင် အစ်မတို့နေပုံက ကိုယ်က အေးအေးဆေးဆေး နေတတ်တယ်။ သူငယ်ချင်းတွေနဲ့ သွားလိုက် လာလိုက်၊ တွေ့လိုက်က အရမ်းရှားတယ်ပေါ့၊ ရတဲ့အချိန်က အိမ်ကိုပြန်တာ များတယ်၊ အိမ်ကိုပြန်ရောက် ပြီးတော့ ကလေးနဲ့ မိသားစု ၃ ယောက်နေကြတာများတယ်”
“ဒါပေမယ့်လည်း တကယ်တမ်း တာဝန်ကျေတဲ့ မိဘ ဖြစ်နေပြီလား ဆိုတော့ မဖြစ်သေးဘူး။ ကိုယ်က အတ္တကြီးနေတာက ရုပ်ရှင်သမားဖြစ်တဲ့ life ကကြမ်းတယ်၊ ကလေးကလည်း ကြီးလာရင်တော့ နားလည်လိမ့်မယ်ထင်တယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဧရာဝတီကို ဖြေကြားခဲ့ပါတယ်။
“ရုပ်ရှင်သမားဆိုတာ နေ့ရော၊ ညရော တခါတလေ အစ်မက မိုးလင်းအထိ အလုပ်လုပ်တယ်။ မနက်ကျရင် ဝုန်းဆိုပြီးတော့ ပြန်ထွက်သွားတော့ ဒီကလေး အိပ်တဲ့ချိန်နဲ့ နိုးတဲ့အချိန်တွေမှာ မမြင်လိုက်ရတာတွေတောင် ရှိတယ်။ ခက်ခဲတယ်ပေါ့။ ဒါပေမယ့်လည်း ကလေးကို ရသလောက်အချိန်ပေးပြီး ကြီးလာရင် နားလည်ပါစေလို့ ဆုတောင်းတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။
ဖခင်ဖြစ်သူ ဇဏ်ခီကတော့ သားဖြစ်သူအတွက် ဘယ်လိုမျိုး အဖေတယောက် ဖြစ်ချင်လဲဆိုတဲ့ အမေးကိုတော့ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။
“ကျနော်ကတော့ သူကြီးလာတဲ့အချိန်မှာ သူငယ်ချင်းတယောက်လို ယုံကြည်တဲ့ ယုံကြည်ခံရတဲ့ အဖေမျိုးပေါ့။ တခုခုဆိုရင် ဘာမှမပြောဘဲနဲ့ လုပ်ချင်တာတွေ လျှောက်လုပ်မှာကို ကျနော် အရမ်းစိုးရိမ်တယ်၊ ဒါကြောင့်မို့လို့ ဘာပဲလုပ်လုပ်ပေါ့ သူအမှားတခု လုပ်ခဲ့ရင်တောင် ကျနော့်ကို မကြောက်ဘဲနဲ့ လာပြောစေချင်တယ်၊ အဲဒီ ယုံကြည်မှုတခုကို ကျနော်ရအောင် လုပ်မယ်ပေါ့ ။ ဒါပေမယ့် အဲလိုပြောလို့ ဘာပဲဖြစ်ဖြစ် ပေးလုပ်မယ့် အဖေမျိုးတော့ မဖြစ်စေချင်ဘူးပေါ့”
“ကျနော်အဓိက ရည်ရွယ်ချက်ကတော့ သူအသိဉာဏ် များလာတာနဲ့အမျှ အမှားနဲ့အမှန်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့ အဲဒါတခုကိုတော့ ကျနော်ရအောင် သင်ပေးရမှာပဲ” လို့ သရုပ်ဆောင် ဇဏ်ခီက ဆိုပါတယ်။ ဒါ့အပြင် ဇဏ်ခီကလည်း “အဖေများနေ့” နဲ့ ပတ်သက်လို့ သူ့ရဲ့ Facebook အကောင့်မှာ အခုလိုပဲ ရေးသား တင်ထားပါသေးတယ်။
“I miss you Dad. ဒီနေ့မှ မဟုတ်ပါဘူး။ နေ့တိုင်းလိုလို သတိရပါတယ်။ ပေးခဲ့တဲ့ မေတ္တာတွေအားလုံး အမြဲအမှတ်ရ ပါတယ်။ သိမ်းလည်း ထားပါတယ်။ နိုဝါလေးကိုလည်း ပိုပေးနိုင်အောင် ကြိုးစားနေပါတယ်။ လူမှန် တယောက်ဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို တသက်မမေ့ပါဘူး။ ဖခင်ကောင်းတယောက်ဖြစ်အောင် အကောင်းဆုံးကြိုးစားသွားပါ့မယ် အဖေ။ I will always love you” လို့ ဇဏ်ခီက ရေးသားထားတာပါ။
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကတော့ ပရိသတ်တွေ အတွက် အားကျစရာ ကောင်းလှပါတယ်။ သရုပ်ဆောင် ဇဏ်ခီကတော့ ယခုနှစ်အတွင်း Czech နိုင်ငံ၊ Prague မြို့မှာ ကမ္ဘာကျော် ဘောလုံးသမား Messi နဲ့အတူ Ooredoo ကြော်ငြာရိုက်ကူးခဲ့ပြီး လတ်လောမှာလည်း ကြော်ငြာများ ရိုက်ကူးလျက် ရှိနေတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ကမ္ဘာကျော် ဘောလုံးသမား Messi နဲ့အတူ Ooredoo ကြော်ငြာ ရိုက်ခဲ့တဲ့ မင်းသား ဇဏ်ခီ