ဗီလိန် ဇာတ်ရုပ်နဲ့ သရုပ်ဆောင် ပီပြင်တဲ့အပြင် ကျရာဇာတ်ရုပ်တိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် မေပန်းချီက အနုပညာသက်တမ်း ၈ နှစ်ကြာအောင် ဒီလောကထဲမှာ ရပ်တည်နေတဲ့ အနုပညာရှင်တဦးပါ။ ဗီလိန် ဇာတ်ရုပ်နဲ့ ဇာတ်ပို့ ကာရိုက်တာများ အရိုက်များပေမယ့် ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပါဝင် သရုပ်ဆောင်နိုင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
အနုပညာလောကမှာ အချိန် ၈ နှစ်ကြာ ရပ်တည်နေလာတဲ့ သရုပ်ဆောင် မေပန်းချီကို သူ့ရဲ့ ဖြတ်သန်းလာတဲ့ အနုပညာ အတွေ့အကြုံ၊ ခံစားချက်များနဲ့ ပတ်သက်ပြီး ဧရာဝတီ အနုပညာ သတင်းထောက် ချစ်ပိုးက မေပန်းချီနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ လက်တလော မေပန်းချီရဲ့ အနုပညာလှုပ်ရှားမှုကို သိချင်ပါတယ်။
ဖြေ။ ။ အခု လတ်တလော အနုပညာလှုပ်ရှားမှုက သီချင်းဆိုတယ်။ ဦးကျော်သူနဲ့ ရုပ်ရှင် တကားရိုက်နေပါတယ်။
မေး။ ။ မေပန်းချီက အနုပညာသက်တမ်း ဘယ်လောက်ရှိသွားပြီလဲ။
ဖြေ။ ။ ပန်းချီက အခုဆို အနုပညာသက်တမ်း ၈ နှစ်လောက် ရှိပါပြီ။
မေး။ ။ အနုပညာသက်တမ်း ၈ နှစ်အတွင်းမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ပန်းချီက တိုင်းရင်းသားလည်း ဖြစ်တယ်။ နယ်ကလည်းလာတယ်။ အခက်အခဲတွေ ပိုများတယ်။ အနုပညာ မျိုးရိုးလည်း မရှိဘူးဆိုတော့ ပိုခက်တာပေါ့။ ဒါပေမယ့် ပန်းချီတို့ ဝင်လာချိန်တုန်းက မင်းသမီး နည်းနည်း ရှားတယ်။ အခုချိန်မှာ မင်းသမီးတွေက များလာပြီ။ ရှားတဲ့အချိန်တုန်းကလည်း ခက်ခဲသလို ခုလည်း ခက်ခဲနေတုန်းပါပဲ။
မေး။ ။ အနုပညာသက်တမ်း ၈ နှစ် အချိန်အတွင်းမှာ စဝင်ခဲ့တုန်းက အချိန်နဲ့ အခုနဲ့ ဘာတွေ ကွာခြားသွားလဲ။
ဖြေ။ ။ အရင်တုန်းက အနုပညာလုပ်ရတာ ပျော်ဖို့ ကောင်းတယ်။ တယောက်နဲ့ တယောက်လည်း လေးလေးစားစား ရှိကြတယ်။ ပန်းချီဆိုလည်း ကိုယ့်အခန်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လေ့လာသင့်ရင် လေ့လာတယ်။ အချိန်ကို လေးစားတယ်။ အခုနောက်ပိုင်း အငယ်တွေ တက်လာတာလည်း ပါတယ်။ အငယ်တွေ တက်လာချိန်မှာ တယောက်နဲ့ တယောက် မလေးစားတာတွေလည်း ရှိတယ်။ အရင်လိုပျော်ဖို့ မကောင်းတော့ဘူးပေါ့။ ဒီချိန်မှာ မင်းသမီးဖြစ်လို့ လွယ်တယ်လို့တော့ ဆိုလိုတာတော့ မဟုတ်ဘူးပေါ့။ မင်းသမီးတွေများလာတယ်။ မင်းသမီးတွေများလာတဲ့အတွက် ပန်းချီတို့က ပိုပြီးတော့ ကြိုးစားလာရတယ်။ ကားရိုက်လည်း ကျဲတယ်။
ဗီဒီယိုကလည်း အရင်လို ခေတ်မကောင်းတော့ဘူးပေါ့။ ပန်းချီတို့ လုပ်တုန်းကတော့ ဗီဒီယိုတွေ ဒီဗီဒီတွေရော ကားကြီး ရှိတော့ ကားရိုက် မပျက်ဘူး။ တလမှာ မရိုက်ဘူး ဆိုရင်တောင်၂ ကား၊ ၃ကားတော့ ရိုက်ရတယ်။ အခုကျတော့ ရုပ်ရှင်ကားကြီးတွေပဲ ရိုက်လာတော့ ပန်းချီတို့မှာ အပြင်စီးပွားရေးပါ လုပ်ဖို့ လိုလာတယ်ပေါ့။ ရုပ်ရှင်ကားတွေလည်း ရိုက်တယ်။ ဗီဒီယိုကတော့ တလမှာ ၃ ကား၊ ၄ ကား ရိုက်လို့ မရတော့ဘူး။ ၂ လမ ှဗီဒီယို တကားလောက်ပဲ ရိုက်ဖြစ် တော့တယ်။ ရုပ်ရှင်ကားတွေပဲ ပုံမှန်ရိုက်ဖြစ်သွားတယ်။
မေး။ ။ အခုဆို ဗီဒီယိုတွေ ထွက်တာ နည်းလာတယ်။ Channel တွေကနေ ဇာတ်လမ်းတွဲတွေ ဇာတ်ကားဟောင်းတွေ ပြန်လွှင့်လာတယ်။ အဲ့အပေါ်ရော ဘယ်လိုမြင်လဲ။
ပန်းချီတို့တင် မဟုတ်ဘူး။ ဇာတ်ပို့ ဇာတ်ရံတွေ အခြားစက်အဖွဲ့သားတွေပါ ခက်ခဲကုန်တယ်။ ဗီဒီယိုလေးသာ လည်ပတ်နေရင် အကုန်လုံးက အလုပ် မရှားတော့ဘူးပေါ့။ အခုက ဇာတ်ကားတွေက အများကြီး ရုံတင်ဖို့ ရုံက နည်းတာလည်း ပါတယ် ။ နောက်ပိုင်းပရိသတ်တွေ ကမြင်ရင် ရုပ်ရှင် မရိုက်တော့ဘူးလားပေါ့၊ မေးကြတယ်။ အဓိကက အဆက် ခြားသွားတယ်။ ပန်းချီတို့က ရုပ်ရှင်တွေရိုက်တယ်။ ဒါပေမယ့် မတင်သေးတော့ အစ်မကား မထွက်တော့တာလား။ စီးပွားရေးပဲ လုပ်တော့တာလား မေးကြတယ်။ Channel တွေကျတော့လည်း သူတို့မင်းသမီး၊ သူတို့မင်းသား ရှိတဲ့အခါ ကျတော့ ပန်းချီတို့တိုးဖို့ မလွယ်တော့ ကိုယ်နေရာ သိပ်မရတဲ့အခါ သိပ်မရိုက်ဖြစ်ဘူး။ အဲ့ဇာတ်လမ်းတွဲတွေ ထွက်လာတော့ ပန်းချီတို့က ပရိသတ်နဲ့ ထိတွေ့မှု နည်းသွားတာပေါ့။
မေး။ ။ မပန်းချီကို သရုပ်ဆောင်တဲ့အခါ ဇာတ်ပို့နေနဲ့တွေ့ရတယ်။ ဇာတ်ကောင်ကို ဘယ်လိုရွေးချယ်လဲ။ ကာရိုက်တာ မရွေးဘူးလား။
အဲ့တာက ကိုယ်ရတဲ့ အခွင့်အရေးပေါ်မှာ ရွေးလိုက်တာပေါ့။ လူတိုင်းကတော့ မင်းသမီးဖြစ်ချင်ကြတယ်။ ခေါင်းဆောင် ရိုက်ချင်ကြတယ်။ ဒါပေမယ့် တချို့နေရာမှာ ဇာတ်ပို့ က Main ဖြစ်သွားတာတွေလည်း ရှိတယ်။ ပန်းချီကို လူသိ သွားတာလည်း အရင်တုန်းက မသက်မွန်တို့ မအူဝဲတို့နဲ့ ရိုက်ခဲ့တယ်။ ဒုတိယမင်းသမီး နေရာကနေ ၂ ခန်းလောက်ပဲ ပါလည်း ပန်းချီက ရိုက်တယ်။
ဇာတ်လမ်းတွေ ပန်းချီကိုလာပြရင်တော့ အခွင့်ရေး ရရင်ရသလို ရိုက်နေတပေါ့။ တချို့ဒါရိုက်တာတွေက နေရာ ကောင်းကောင်း ပေးကြသလို တချို့ဒါရိုက်တာတွေကလည်း နေရာကောင်းကောင်း မပေးဘူး။ ပန်းချီကတော့ ကိုယ်ကျရာ နေရာတော့ အကောင်းဆုံးရိုက်ခဲ့တယ်။ ပန်းချီကို ပရိသတ်တွေက ဗီလိန်ဇာတ်ရုပ်နဲ့ တွေ့နေတော့ အဲ့ဇာတ်ရုပ်နဲ့လည်း လိုက်တယ် ပြောကျတယ်။ ကိုယ်က ကျရာနေရာမှာ အကောင်းဆုံး သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေ အသိအမှတ် ပြုပေးကြတယ်။
မေး။ ။ မေပန်းချီကို အားပေးတဲ့ ပရိသတ်တွေကိုအမှတ်တရ စကားလေး ပြောပေးပါဦး။
ပန်းချီကို အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပန်းချီကလည်း အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် အနုပညာအလုပ်တွေ လုပ်ကိုင်နေပါမယ်။ စီးပွားရေးလည်း ကြိုးစားလုပ်ကိုင်နေပါတယ်။