သရုပ်ဆောင် ဘေဘီမောင်က “အဖေများနေ့” အမှတ်တရစကား အဖြစ် အဖေက သွက်သွက်လက်လက် ရှိပြီး Strong ဖြစ်တဲ့အတွက် သူမက ဖခင်ဖြစ်သူနဲ့ တူတဲ့သူတယောက်ဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“အဖေက ကိုယ့်ကို ဒီအသက်အရွယ်ထိ ရောက်လာအောင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့လို့ ကျေးဇူးလည်း တင်ပါတယ်။ ဘေဘီက အဖေ့ဆီက သွက်သွက်လက်လက် ဖြစ်တာတွေ တူတယ်။ အဖေက Strong ဖြစ်တယ်။ စိတ်ဓာတ် မကျတတ်ဘူး။ အမေကတော့ မိန်းမဆန်တယ်၊ စိတ်ဓာတ်ကျ လွယ်တယ်။ အဖေနဲ့က ကြိုးစားချင်စိတ် ရှိတာတွေ တူတယ်” လို့ ဘေဘီမောင်က ဆိုပါတယ်။
“အဖေများနေ့” သတ်မှတ်ထားတဲ့ အပေါ်မှာလည်း ဘေဘီမောင်က သူရဲ့ အမြင်ကို အခုလို ဆိုပါတယ်။
“အမိအဘ ဆိုတာ ဒွန်တွဲနေတာ။ ဒီအမိအဘက မွေးဖွားလာလို့သာ သားသမီးဆိုပြီး ဖြစ်လာတာပါ။ အမေများနေ့ဆိုတာရှိရင် အဖေများလည်း ရှိသင့်ပါတယ်။ အဖေများနေ့ဆိုတာကို စပြီးအကောင်အထည်ဖော်တဲ့ နိုင်ငံကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ဘေဘီမောင်က ပြောပြပါတယ်။
အဖေနဲ့ အမေမှာ အမေကို ပိုချစ်တယ်လို့ ဆိုပြီး ဖခင်ဖြစ်သူက ငယ်စဉ်ထဲက အတူတူ မနေဖြစ်ကြဘူးလို့ ဆိုပါတယ်။ ဒီခံစားချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဘေဘီမောင်က အခုလို ဆိုပါတယ်။
“ဘေဘီတို့ မိသားစုက Broken Family ဖြစ်နေတာဆိုတော့ အဖေနဲ့ မနေတော့ဘူး။ အမေနဲ့ပဲ အတူနေတာပါ။ ဒါပေမယ့် ရှင်ကွဲ ကွဲနေတာဆိုတော့ မြင်နိုင်၊ တွေ့နိုင် ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မိဘဆိုတဲ့ စိတ်တခုနဲ့တော့ ဘေဘီ အနုပညာအလုပ်တွေ လုပ်လို့ရတဲ့ ပိုက်ဆံနဲ့တော့ အဖေ့ကို သွားကန်တော့လေ့ ရှိပါတယ်။ သီတင်းကျွတ်တို့ ဘာတို့ဆိုလည်း အမေ မသိအောင် တမျိုး၊ သိတာ တမျိုးနဲ့တော့ သွားကန်တော့လေ့ ရှိပါတယ်” လို့ ဆိုပါတယ်။
“ဘေဘီက မိခင်စိတ် ပိုရှိလို့လား မသိဘူး။ အမေ့ကို ပိုချစ်တယ်။ အဖေကလည်း ကျေးဇူးရှင်၊ မြင်းမိုရ်တောင်ကြီးပါပဲ။ ဒါပေမဲ့ မိခင်က ကိုယ့်ကို မွေးဖွားပေးခဲ့လို့လား မသိဘူး။ အမေ့ကို ပိုချစ်တယ်။ ပိုသနားတယ်။ မိန်းမသားဆိုတာ ပိုအားငယ် တတ်ကြတယ်လေ”လို့လည်း ဘေဘီမောင်က ဆိုပါတယ်။
ဘေဘီမောင်က လက်ရှိမှာ အနုပညာ လုပ်ငန်းများအပြင် ပြင်ပစီးပွားရေး လုပ်ငန်းဖြစ်တဲ့ ဖက်ရှင်ဆိုင်နဲ့ အလှပြင်ဆိုင်ကိုပါ တွဲဖက်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသူ တဦးလည်း ဖြစ်ပါတယ်။