သီချင်းအေးအေးလေးတွေကို ပရိသတ်အကြိုက်တွေ့အောင် သီဆိုတတ်တဲ့ အဆိုတော် နင်ဇီမေက အချစ်ရေးနဲ့ ပတ်သက်လို့ အဆိုတော်တယောက်နဲ့ ချစ်သူဖြစ်နေဆိုပြီး ပြောနေကြတဲ့အပေါ် ကောလာဟလတွေပါလို့ ဧရာဝတီကို ဆိုပါတယ်။
ဒါ့အပြင် အဆိုတော် နင်ဇီမေက မကြာသေးခင်က လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အဆိုတော် ရဲလေးရဲ့ “အသည်းကွဲတယ် ဆိုတာ” ဆိုတဲ့ သီချင်းလေးကို Cover Song ပြန်ဆိုထားရာ မိန်းကလေးပရိသတ်တွေ အကြိုက်တွေ့ခဲ့ ကြပါတယ်။
“ဒီသီချင်းလေးကို အားပေးကြတာ အရမ်းကျေးဇူးတင်ပါတယ်။ ဒီသီချင်းကို ကိုရဲလေးက Cover ပုံစံလေး လုပ်ချင်တယ်။ နင်ဇီ အသံနဲ့လည်း လိုက်တယ်။ လုပ်ကြည့်မယ်ဆိုပြီး လုပ်ကြည့်တာပါ။ ကိုရဲလေးနဲ့ကလည်း အရင်က သီချင်းတူတူ လုပ်ဖူးတယ်ဆိုတော့ လုပ်ဖြစ်သွားတာပါ။ နင်ဇီ အသည်းမကွဲပါဘူးရှင့်။ နင်ဇီရဲ့ Mood နဲ့လိုက်သွားတာပါ”
“ချစ်သူလည်း မရှိပါဘူး။ တယောက်တည်းပါပဲ။ အဆိုတော် တယောက်နဲ့ ချစ်သူဖြစ်နေတယ် ဆိုတာလည်း ကောလာဟလ တွေပါ။ ကိုယ့်ကို အရမ်းချစ်ပြီး နားလည်ပေးတဲ့သူမျိုး၊ စိတ်ဓာတ်ကိုလည်း နင်ဇီ ကြည့်ပြီးတော့ ချစ်သူ ရွေးချယ်မှာပါ” လို့ နင်ဇီမေက ဧရာဝတီကို ပြောပါတယ်။
Myanmar Idol Season 1 ပြိုင်ပွဲမှ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ နင်ဇီမေက Myanmar Idol Season 3 က ပြိုင်ပွဲဝင်တွေကိုလည်း အကြံပေးစကား ပြောထားပါသေးတယ်။
“Myanmar Idol Season 3 ကပြိုင်ပွဲဝင်တွေ အရမ်းကောင်းပါတယ်။ သူတို့ကိုလည်း အားပေးနေပါတယ်။ ရှိတဲ့နေရာ လေးမှာ အကောင်းဆုံး ကြိုးစားဖို့ရယ်၊ စိတ်ကလေးထားတတ်ဖို့ပဲ ပြောချင်ပါတယ်။ နင်ဇီတို့ နှစ်တွေထက် ပိုတော် လာတယ်။ ပိုကောင်းလာတယ်။ ပိုပြီးကောင်းဖို့လည်း မျှော်လင့်ပါတယ်။ အကောင်းဆုံး ဆိုတာတွေကို ချပြပါလို့ပြော ချင်ပါတယ်” လို့ ပြောပါတယ်။
နင်ဇီမေဟာ Myanmar Idol Season 1 မှာ နောက်ဆုံး ၃ ယောက်အထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဂီတဘက်မှာ “NIN ZI MAY” ဆိုတဲ့ တေးစီးရီးကိုလည်း ထွက်ထားပါသေးတယ်။