အဆိုတော် ဖြိုးကြီးက “ရက်စက်လိုက်တာ” လို့ အမည်ပေးထားတဲ့ Single Song ကို ဇွန်လ ၂၃ ရက်နေ့မှာ အွန်လိုင်း ကနေ ဖြန့်ချိပေးမှာ ဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ကျနော့်ရဲ့ Single သီချင်း၊ သီချင်းအသစ် တပုဒ်ပေါ့။ တေးရေး ကိုမောင်မောင်ဇော်လတ် ရေးပေးထားတဲ့ သီချင်း ထွက်ဖို့ ရှိပါတယ်။ အွန်လိုင်းက တင်မှာပါ။ တကိုယ်တော်ခွေ မဟုတ်ပါဘူး။ အဲဒါကိုလည်း ကျနော်လည်း သေချာ ရေးထားတာပါ။ New Single Song လို့လေ။ အဲဒီလို ဆိုရင်တော့ သိမယ်လို့ ထင်တာ။ ပရိသတ်က အမှတ်မှားပြီး Error တခု ဖြစ်သွားတာ နေမှာပါ။ အဲဒါလေးလည်း ပရိသတ်ကို ဒီကနေပြောပါရစေ”လို့ ဖြိုးကြီးက ဧရာဝတီကို ဆိုပါတယ်။
ဖြိုးကြီးက “ရက်စက်လိုက်တာ”လို့ အမည်ပေးထားတဲ့ သီချင်းတပုဒ်တည်းကို Online ကတဆင့် ပရိသတ်ဆီပို့မှာ ဖြစ်ပြီး စီးရီးခွေလို့ အမှတ်မှားနေကြတဲ့ ပရိသတ်ကို အခုလို ထပ်ရှင်းပြပါတာ ဖြစ်ပါတယ်။
“တပုဒ်တည်းစီနဲ့ ၂ ခါ ထွက်ပါ့မယ်။ အခုတပုဒ် ထွက်ပြီးရင် နောက်တပုဒ် လာမယ်ပေါ့။ ပြီးရင် Album လိုက်ထွက်ပါ့မယ်၊ အခွေလိုက်ထွက်တာထက်စာရင် Music video ပုံစံလေးတွေနဲ့ တပုဒ်ချင်းစီ အရင်ပေးမယ်။ Youtube မှာလည်း Music Video ထွက်ဖို့ ရှိပါတယ်” လို့ ဖြိုးကြီးက ဆိုပါတယ်။
“ရက်စက်လိုက်တာ” သီချင်းအကြောင်းအရာက ခေါင်းစဉ်အတိုင်းပဲ ရက်စက်တတ်တဲ့ သူတယောက် အကြောင်းဖြစ်ပြီး ဖြိုးကြီးက အချစ်သီချင်းတွေကို အခုထိ ကြိုက်နေတုန်းပဲလို့ ဆိုပါတယ်။ ဒါ့အပြင့် အချစ်သီချင်းနဲ့ ပတ်သက်တဲ့ ခံစားချက် များကိုလည်း အခုလို ဆိုပါတယ်။
ခံစားမှု အပြောင်းအလဲနဲ့ ပတ်သက်ပြီး “သီချင်းနဲ့ ပတ်သက်လို့ကတော့ ပြောင်းလဲပါတယ်။ Teenager ဆယ်ကျော်သက် သီချင်းမျိုး ကျနော့်မှာ မရှိတော့ပါဘူး။ အဲဒီခံစားချက်မျိုးလည်း မရှိတော့ပါဘူး။ သီချင်းဆိုဖို့ အရင်လို ပေါ်လိုက် ပျောက်လိုက်တော့ မဟုတ်ပါဘူး။ ကျနော် လုပ်ပါတယ်။ ကျနော် လုပ်တတ်တာတော့ လုပ်ပါတယ်။ ဖောရှောသာ မလုပ်တာပါ” ဖြိုးကြီးက လို့ ဆိုပါတယ်။
အဆိုတော် ဖြိုးကြီးက ဂီတလောကထဲကို ရောက်ရှိတာ အချိန် ၁၀ စုနှစ် ကျော်ပြီဖြစ်ပြီး “အထည်ကြီးပျက်” နဲ့ “မမုန်းကြေး” ဆိုတဲ့ တကိုယ်တော်ခွေများ ထွက်ရှိထားပါတယ်။ ဖြိုးကြီးကို အခုချိန်ထိ လူငယ်တယောက်လို ပေါ့ပေါး လန်းဆန်းနေတာနဲ့ တွေ့မြင်နေရပြီး ဒါနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။ “ဒါက မိဘကြောင့်ဖြစ်ပါလိမ့်မယ်။ အဖေ၊အမေက ကျနော့်ကို ချစ်လို့ပါ”လို့လည်း ဖြိုးကြီးက ဆိုပါတယ်။
အဆိုတော်ဖြိုးကြီးရဲ့ “ရက်စက်လိုက်တာ” သီချင်းအသစ်ကို Myanmar Music Store, Myanmar Music Network တို့ကနေ ဝင်ရောက် နားဆင်နိုင်တယ်လို့ သိရပါတယ်။ မကြာခင် ထွက်ရှိလာမယ့် တကိုယ်တော်အခွေကလည်း တခွေလုံး ကိုယ်ပိုင်သံစဉ်ချည်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။