Media 7 ထုတ်လုပ်ရေးမှ ထုတ်လုပ်ကာ ဇာတ်လမ်း ချမ်းသာ (ရွှေမန်းသဘင်)၊ ဇာတ်ညွှန်း အကယ်ဒမီ ငြိမ်းမင်း ရေးသားပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း (အနုပညာပြချက်) ရိုက်ကူးထားတဲ့ “ဝိညာဉ်စိမ်း” ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
“ဝိညာဉ်စိမ်း” ရုပ်ရှင်က ရုံမတင်ခင်မှာ ထူးခြားတဲ့ အစီအစဉ် တခု တင်ဆက်ထားတယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်ကတော့ အကျွတ်လွှတ်ပွဲမှာ ပါဝင်ကစားဖို့ လူ ၈ ယောက်ကို အွန်လိုင်းကနေ ရွေးမှာပါ။ ကစားပွဲမှာ ပါဝင်မယ့်သူ များဟာ ညအချိန်မှာ တဦးချင်းစီ သချုိင်းကုန်းတခုကနေ သစ်ကိုင်းတခု ဒါမှမဟုတ် သစ်ရွက်တခုကို ချိုးယူပြီး မကျွတ် မလွှတ်သေးတဲ့ ဝိညာဉ်တွေကို အမျှအတမ်း ဝေရာမှာ သာဓုခေါ်နိုင်ဖို့ ဖိတ်ခေါ်လာရမှာ ဖြစ်ပါတယ်။
အဲဒီလို ဖိတ်ခေါ်ပြီးတာနဲ့ ပါဝင်ကစားကြမယ့် ကစားသမား တဦးစီက သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ အိမ်ကြီး တလုံးမှာ သွားပြီး (Midnight Game) “သရဲခေါ်ကစားနည်း” တခုကို ကစားရမှာမယ့် အစီအစဉ်လို့ သိရပါတယ်။
ဒီပွဲလေးလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး ဝိညာဉ်စိမ်း ရုပ်ရှင်ကား ရဲ့ထုတ်လုပ်သူ Media 7 က ကိုဝေမင်းမောင်က ”ကျနော်တို့ Media 7 က တင်သမျှကားတွေကို ပရိတ်သတ်တွေနဲ့ Activity လေးတွေ လုပ်လေ့ရှိပါတယ်။ ပထမကားလေး “ကြောက်ကြောက်ကြောက်” ကားတုန်းကလည်း ပရိသတ်တွေနဲ့ ကြော်ငြာပိုစတာပုံတူ ပြိုင်ပွဲဆိုပြီးတော့ ပရိသတ်တွေနဲ့ ခြိမ့်ခြိမ့်သဲ လုပ်ခဲ့တယ်။ နောက် ဒုတိယကားက နေတိုး ၊ ရွှေထူး ၊ မိုးစက်ဝိုင် တို့နဲ့ “ပက်ပက်စက်စက်ညှို့” အဲ့ကားလေးမှာ ပွဲတက်စုံတွဲ အလိုရှိတယ်ဆိုပြီး ဂိမ်းလေးတခု လုပ်ခဲ့ဘူးတယ်” လို့ ဆိုပါတယ်။
“ဒီတတိယမြောက်ကားလေး ဝိညာဉ်စိမ်းကိုလည်း ဇာတ်ကားနဲ့ ပတ်သတ်ပြီး ဘယ်လိုလုပ်မလဲ စဉ်းစားပြီး ဒီကားလေး ကလည်း သေလွန်သွားတဲ့ သူကို မကျွတ်မလွတ်တဲ့ သူကို အမျှပေးဝေချိန် အလွဲလေးဖြစ်နေတော့ ဝိညာဉ်သရဲဂိမ်းလေးကို လုပ်လိုက်တာပါ။ မကြောက်တတ်တဲ့ သူတွေအတွက် မကြောက်တရား ရှာပုံတော်ဆိုပြီး လုပ်လိုက်တယ် ”လို့ ကိုဝေမင်းမောင်က ပြောပါတယ်။
ဒီဂိမ်းမှာ သရဲမကြောက်တတ်သူများသာ လာရောက်ယှဉ်ပြိုင်စေချင်ပြီး အကြောက်လွန်ကဲသူများ၊ နှလုံးရောဂါ၊ အတက်ရောဂါများနဲ့ အလွန်တရာ ထိတ်လန့်တတ်သူများကိုတော့ ပြိုင်ပွဲဝင်ပြိုင်ဖို့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဝင်လိုသူများက အသက် ၁၈ နှစ်ပြည့်ရမှာဖြစ်ပြီး အုပ်ထိန်းသူခွင့်ပြုချက်ကိုပါ ယူခဲ့ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
“တချို့က စမ်းသပ်ချင်တာပေါ့။ ဒီအစီအစဉ်မှာ နောက်ဆုံး ပါဝင်မယ့် လူ ၈ ယောက်ကို ရွေးချယ်ပြီး လက်မှတ်တွေ ထိုးခိုင်းမှာပါ ။ အဲ့ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး စည်းကမ်းချက်တွေ သိရှိထားတယ်။ သိထားပါလျက် တခုခု ချို့ယွင်းခဲ့ရင် ကိုယ့်ဆန္ဒကြောင့်သာ ဖြစ်ပါကြောင်း လက်မှတ်ထိုးခိုင်းမှာပါ။ အဲ့လိုကျနော်လုပ်ထားတယ်” လို့ ကိုဝေမင်းမောင်က ဆိုပါတယ်။
“ကစားနည်းကို ကစားနိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ အိမ်ကြီးထဲမှာပဲ ကိုယ်တိုင် လိုက်ရှာရမှာနော်။ (ရှိမယ့်နေရာ တွေကိုတော့ ညွှန်ပြပေးထားမှာပါ) ပစ္စည်းတွေ စုံပြီဆိုရင်တော့ Midnight Game လေးကို ကစားလို့ရပါပြီ။ စီစဉ်ထားတဲ့ Midnight Game လေးကို ကစားပြီးပြီဆိုရင်တော့ မူလအစီအစဉ်ဖြစ်တဲ့ သချုႋင်းကုန်းကနေ ဖိတ်ခေါ်လာတဲ့ ဝိညာဉ်တွေ ကို အမျှအတမ်းဝေတဲ့အစီအစဉ်လေးကို လုပ်ရမှာပါ။အစီအစဉ်အားလုံးကို ဝိညာဉ်စိမ်း Facebook Page ကနေ Live ထုတ်လွှင့်သွားမှာပါ” လို့ သိရှိရပါတယ်။
အစီအစဉ်မှာ ပါဝင်ချင်တဲ့သူက ကိုယ်တပိုင်းပုံ ၁ ပုံနဲ့ ကိုယ်ရေးအချက်အလက် (နာမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်) တို့ကို “ဝိညာဉ်စိမ်း” Facebook Page ရဲ့ Message Box ကို ပေးပို့ရမှာ ဖြစ်ပါတယ်။
ဆုကြေးအစီအစဉ်များ အနေဖြင့် ဆုငွေကျပ် ၁၀ သိန်း ရရှိမှာဖြစ်ပြီး “ဝိညာဉ်စိမ်း” ရုပ်ရှင်ကားကို လာမယ့် ဇွန် ၂၉ ရက နေ့မှာ မြန်မာတနိုင်ငံလုံး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ကျော်သူ၊ ရန်အောင်၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဟိန်းဝေယံနဲ့ စိုးမြတ်သူဇာတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။