ရယ်စရာ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောစေပြီး ကျရာဇာတ်ရုပ်မှာလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ချစ်စရာက အခုအချိန်မှာ ကျန်းမာရေး အခြေအနေကြောင့် အနုပညာလုပ်ငန်းများကို မလုပ်ကိုင်နိုင်တော့ဘူးလို့ သိရပါတယ်။
“အနုပညာလောကနဲ့ ဝေးကွာနေတာက ဗီဒီယိုကလည်း တော်တော် အားနည်းသွားပြီ။ ကျန်းမာရေးကလည်း မကောင်းတဲ့ အတွက် ၂၀၁၇ ခုနှစ်ကနေစပြီး နားလိုက်တာပါ။ ရံဖန်ရံခါလောက်ပဲ လုပ်ဖြစ်တော့တယ်။ အရင်လို ဆက်တိုက်ကြီး မလုပ်ဖြစ်တော့ဘူး။ မသေခင် ကိုယ့်နောက်ပါမယ့် အလုပ်လုပ်ရင်း ဘုရားတရားလေးနဲ့ပဲ နေပါမယ်။ သာသနာ့ဘောင် ဝင်ဖို့ဆိုတာလည်း ကျန်းမာရေးကြောင့် အခက်အခဲရှိတာ မဝင်ရပါဘူး။ ဝင်ချင်ပါတယ်” လို့ ချစ်စရာက ပြောပါတယ်။
သရုပ်ဆောင် ချစ်စရာက တချိန်က ရုပ်ရှင် ဗီဒီယိုဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ကို ရယ်မော ပျော်ရွှင်စေခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကျန်းမာရေးကြောင့် အနုပညာ အလုပ်များ လုပ်ကိုင်မှုကိုပါ ရပ်နားထားရသူလည်း ဖြစ်ပါတယ်။
“ကျန်းမာရေးက ဆီးချိုရှိတယ်။၁၉၉၁ ခုနှစ်ထဲက မျက်လုံးက ရေတိမ်ဖြစ်တာ၊ ဘယ်ဘက်မျက်လုံးကတော့ ကွယ်သွားပြီ၊ ညာဘက်ကတော့ အာရုံကြော အားနည်းနေတယ်၊ အခြေအနေတော့ သိပ်မကောင်းဘူး။ ကျနော့်ကို မျက်လုံးနဲ့ ပတ်သတ်ပြီး ကူညီဖို့ ပြောနေတဲ့ ကုမ္ပဏီတခု ရှိပါတယ်။ ရိုးရိုးလေး ကုမ္ပဏီပါ။ ဆရာဝန်ကြီးတွေနဲ့လည်း ပြဖို့ အစီအစဉ် ရှိတယ်။ ဆရာကြီးတွေရဲ့ စိစစ်ချက်နဲ့ လုပ်ဆောင်ပေးမယ်တော့ ပြောတယ်” လို့ လက်ရှိကျန်းမာရေးနဲ့ ပတ်သက်ပြီး ချစ်စရာက ဆိုပါတယ်။
အနုပညာအလုပ်တွေ မလုပ်တော့တဲ့အတွက် လက်ရှိမှာ ဘယ်လို နေထိုင်စားသောက်ဖြစ်နေလဲ ဆိုတာနဲ့ ပတ်သက်လို့ ချစ်စရာက “ကျနော်က အရင်တုန်းက အဝေးသင်တက္ကသိုလ်မှာ ရုံးအုပ်၊ ရုံးအုပ်ကနေ ဆေးပင်စင် ယူပြီး အဲ့ဆေးပင်စင်လေးနဲ့ အမျိုးသမီးရဲ့ ပင်စင်လေး ၁ သိန်းကျော်နဲ့ စားသောက်နေပါတယ်။ အမျိုးသမီးကတော့ ဆုံးသွားပါပြီ။ သားသမီးလည်း မရှိဘူးလေ။ တယောက်တည်းပဲ နေထိုင်နေပါတယ်။ အနာဂတ်ကိုလည်း စိတ်ပူတာပေါ့။ ပုထုဇဉ် လူသားပဲနော်။ အရိယာ မဟုတ်တဲ့အတွက် သောက ဆိုတာကတော့ ရှိတာပေါ့” လို့ ဆိုပါတယ်။
လက်ရှိမှာ တချိန်က ရုပ်ရှင်လောကမှာ ရပ်တည်နေခဲ့ကြတဲ့ ဇာတ်ပို့ ဇာတ်ရံများနဲ့ ဟာသသရုပ်ဆောင်များ အနေနဲ့ဈေးကွက်အရ ဇာတ်ကားများ ရိုက်ကူးမှု နည်းပါးလာတဲ့အတွက် ဝမ်းရေးအတွက် အခက်အခဲနဲ့ ကျန်းမာရေး အခက်အခဲ တော်တော်များများ ရှိလာကြပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ချစ်စရာက ဧရာဝတီကို အခုလို ပြောပါတယ်။
“ဦးစိန်ရိုးတို့ ဦးမန်းဝင်းတို့ ကစ်ကစ်တို့ကို အဆင်ပြေတဲ့သူတွေက တော်တော်လေးကို ကူညီကြပါတယ်။ အဲ့ထဲမှာ ကျနော်တို့လို အဆင်မပြေတဲ့ သူတွေကို ကူညီရင်တော့ ကျနော်တို့လည်း ကုသိုလ်ကံ ထူးတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် အနုပညာလောကထဲက ကျန်းမာရေးချို့တဲ့ပြီး မလုပ်ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို စေတနာ အပြည့်အဝ ထားနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့နိုင်ပါစေလို့ မျှော်လင့်ပါတယ်”လို့ ချစ်စရာက ဆိုပါတယ်။