သရုပ်ဆောင် ရဲတိုက် အကျဉ်းထောင်မှ ထွက်လာပြီးကတည်းက ရုပ်ရှင်ဇာတ်ကားများ မရိုက်ကူးရသေးဘဲ မကြာခင်မှာတော့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“ဇာတ်လမ်းကောင်းကောင်း ရိုက်ချင်တယ် အခုရိုက်ရပြီပေါ့။ ပရိသတ်ကို ပရိုဂျူဆာက ကြည့်စေချင်လို့ ရိုက်တဲ့ကား ဆိုတော့ ကျနော်တောင် ကြည့်ချင်နေပြီ။ ကျနော်က သရုပ်ဆောင်မှာ စီနီယာတော့ မဟုတ်ပါဘူး။ သူတို့လောက် မနုပျိုတော့တဲ့ သရုပ်ဆောင် တယောက်ပေါ့။ နည်းနည်းအသက်ကြီးတဲ့ ကာရိုက်တာပေါ့။ သရုပ်ဆောင် ရတာတော့ ခက်တယ်။ တလလောက် အချိန်ယူပြီး ပြင်ဆင်ရတယ်။ လေ့လာနေတာတော့ အများကြီးပါ” လို့ ရဲတိုက်က ဆိုပါတယ်။
“ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးမှာဖြစ်ပြီး ရဲတိုက်နဲ့ အတူ တခြား သရုပ်ဆောင်များဖြစ်ကြတဲ့ ဒေါင်း ၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့က အဓိကပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်ရန်အတွက် အချိန် ၁ လလောက် အချိန်ယူ ပြင်ဆင်ခဲ့ရပြီး ကိုယ်အလေးချိန် ဝိတ်လည်း ချခဲ့ရတယ်လို့ ရဲတိုက်က ပြောပါတယ်။
“ထွက်လာခါစက ဝဝကြီးလေ။ အခုဒီကားက ပိန်မှဖြစ်မှာဆိုတော့ ပိန်အောင် ပြန်လုပ်ရတာပေါ့။ နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိတ်မွှေးတွေက ၁ လလောက် ရှိပြီ။ ဒါရိုက်တာက ထားခိုင်းထားလို့ပါ။ ဝိတ်ကတော့ ဆေးထိုးပြီးချတယ်” လို့ ရဲတိုက်က ပြောပါတယ်။
သရုပ်ဆောင် ရဲတိုက်ကတော့ အကျဉ်းကျခံရပြီး ပြန်လည် လွတ်မြောက်ပြီးနောက်ပိုင်းမှာ ကြော်ငြာရိုက်ကူးမှုများသာ ပြုလုပ်လျက်ရှိပြီး ရုပ်ရှင်ရိုက်ကူးမှုကတော့ အခုရိုက်ကူးမယ့် ဇာတ်ကားကတော့ ပထမဆုံးရိုက်ကူးတာဖြစ်တယ်လို့ သိရပါတယ်။
ရဲတိုက်က လက်ရှိမှာလည်း ပရိသတ်အားပေးမှုရရှိနေတဲ့ သရုပ်ဆောင် တယောက်ဖြစ်ပြီး သူ့ရဲ့ဇာတ်ကားများကိုလည်း ပရိသတ်များက စောင့်မျှော် အားပေးလျက် ရှိနေပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ထောင်တွင်းအတွေ့အကြုံတွေကို တစုံတယောက်ကိုပဲ ပြောပြမယ်ဆိုတဲ့ သရုပ်ဆောင်ရဲတိုက်
မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သရုပ်ဆောင်ရဲတိုက် ပြန်လည်လွတ်မြောက်