ဒါရိုက်တာ အလုပ် လုပ်ကိုင်ရင်း တဖက်က စီးပွားရေးပါ လုပ်ကိုင်နေတဲ့ ဒါရိုက်တာ ကြည်ဖြူရှင်က ဇာတ်ကား ရိုက်ကူးမှုများ နည်းပါးနေတာဟာ စီးပွားရေးလုပ်နေတာကြောင့်ရယ်၊ အသက်ကြီးလာတာကြောင့် ဘဝအတွက် မှတ်တိုင်ဖြစ်မယ့် ရုပ်ရှင်ကားတွေပဲ ရိုက်တော့မယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ကျမ ရိုက်ကူးရေး နားထားတယ်။ စီးပွားရေးလေး လုပ်နေတာလည်း ပါတယ်။ ကျမလုပ်သက် နှစ်၂၀ ကျော်မှာ ဘဝအတွက် မှတ်တိုင်ဖြစ်မယ့် ကားတွေပဲ ရိုက်ချင်တော့တယ်။ နောက်အများကြီးလည်း မရိုက်ချင်တော့ဘူး။ အဲ့တာကြောင့်လည်း စီးပွားရေးလုပ်ဖြစ်တာ။ စီးပွားရေးတခု ရှိနေရင် တဖက်မှာ ကျမရိုက်ချင်တဲ့ချိန် ရိုက်လို့ရတယ်။ ကျမက အသက်လည်း ကြီးလာတာပါတယ်။ ကိုယ်ရိုက်တဲ့ ဇာတ်ကားက မှတ်တိုင်တင်ချင်တယ်။ အရာထင်ချင်တယ်။ ရိုက်ကူးမှုတွေလည်း နားထားတယ်။ တော်တော်နဲ့ ကျမ ဇာတ်ကား ပြန်ရိုက်ဖြစ်မယ် မထင်ပါဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ဒါရိုက်တာ အလုပ်အပြင် စီးပွားရေးပါ လုပ်နေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ “D nae” ဆိုတဲ့ နာမည်နဲ့ မြန်မာ ထုတ်ကုန် ပစ္စည်းများနဲ့ ထုတ်လုပ်ထားတဲ့ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ပန်းကန်ဆေးရည်များကို သဘာဝနဲ့ အညီ ဂျပန်နည်းပညာနဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရောင်းချနေတယ်လို့ သိရပါတယ်။
“အနုပညာသမား ကျမရဲ့ နောက်ထပ် ၊ခြေလှမ်းတခု၊ အိပ်မက်တခု အနေနဲ့ ကျမ စီးပွားရေးတခုလုပ်နေတယ်။ D nae နာမည်နဲ့ အလှကုန်ပစ္စည်းတွေပါ။ လူတွေနေ့စဉ် သုံးရတဲ့ ရေချိုးဆပ်ပြာတို့ ခေါင်းလျှော်ရည်တို့ ပန်းကန်ဆေးရည် တို့ကို သဘာဝဦးစားပေးပြီး ဂျပန်နည်းပညာနဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်တယ်။ အဲ့တော့ ကျမကြိုက်ပြီး ရှယ်ယာ ပါလိုက်တယ်။ ကျမ ကြိုက်တာကပြည်တွင်းက ကုန်ကြမ်းတွေပဲ သုံးထားတယ်”
“အပူပိုင်းဒေသမှာ ပေါများစွာပေါက် ရောက်တဲ့ တမာရွက် ၊ ရှားဇောင်း ၊ မကျည်းသီး ၊ ဇီးဖြူသီး ဒေသထွက်တွေကို သုံးထားတယ်။ နောက် စပါးခွံမီးစက်တွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်း ဖွဲပြာတွေကို ကျန်းမာရေးနဲ့ ညီအောင် ထုတ်လုပ်ထားပြီး ကျမ ကိုယ်တိုင် နှစ်သက်တယ်။ ဒီစီးပွားရေးက သမ္မာအာဇီဝကျပြီး စီးပွားရှာရင်းကုသိုလ်ရတယ်။ အဲ့တာကြောင့် လုပ်ဖြစ်တာပါ”လို့ ကြည်ဖြူသျှင်က ပြောပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ နိုင်ငံတော်အကျိုးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဝင်တဦးအဖြစ် သူတက်ကျွမ်းတဲ့ အနုပညာအလုပ်တွေနဲ့အတူ တဖက်တလမ်းကနေ ပါဝင်ဆောင် ရွက်နေသူ တဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ ခုနှစ်အတွင်းကလည်း ဂျပန်နိုင်ငံကို သွားရောက်ပြီး “ဇာတိမြေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်