Entertainment

“သင်္ကန်းနဲ့ အရောင်တူပြီး တမင် ချုပ်ခဲ့တာ မဟုတ်ပါဘူး” ဆိုတဲ့ ဒီဇိုင်နာ မေမြတ်ဝါဆို

လတ်တလောမှာ ပွဲတပွဲကို ဝတ်ဆင်လာတဲ့ သရုပ်ဆောင် မိုးယုစံရဲ့ ပွဲတက်ဝတ်စုံ အရောင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေပါတယ်။ အဲဒီပွဲမှာ မိုးယုစံ ဝတ်ဆင်လာတဲ့ အရောင်နဲ့ ဒီဇိုင်းက သင်္ကန်းအရောင်နဲ့ ဆင်တူနေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒီဝတ်စုံကို ဖန်တီးချုပ်လုပ်ပေးသူကတော့ ဒီဇိုင်နာမေမြတ်ဝါဆိုဖြစ်ပြီး ဒီဇိုင်နာက ဝတ်စုံနဲ့ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းတဲ့အခါ အခုလို ဖြေရှင်းပါတယ်။

“ကျမဒီဝတ်စုံလေးချုပ်ဖို့ ဒီဇိုင်းစဉ်းစားတော့ မိုးယုကလည်း တခြမ်းစောင်းလေး ဝတ်ချင်တယ်ပေါ့။ အဲ့တာနဲ့ အရောင်လေး စဉ်းစားတဲ့အခါ မိုးယုက အသားအရမ်းဖြူတော့ Pepsi အချိုရည် အရောင်လေး ပိတ်စလေးတွေ့တယ်။ မိုးယုကလည်း အဲ့အရောင်လေး ကြိုက်တယ် ဆိုပြီး ချုပ်ဖြစ်တာပါ။ သင်္ကန်းအရောင်တော့လည်း မဟုတ်ပါဘူး။ အပြင်မှာတော့ သိသိသာသာ ကွဲတယ်။ ဓာတ်ပုံကာလာနဲ့ ဘာနဲ့ ဆိုတော့ ဘယ်လိုဖြစ်လဲတော့မသိဘူး” လို့ ဒီဇိုင်နာ မေမြတ်ဝါဆိုက ပြောပါတယ်။

“ချုပ်ထားတဲ့ပုံစံကလည်း ဘုန်းကြီး သင်္ကန်းခြုံတဲ့ပုံစံနဲ့ တော်တော်တော့ ကွာပါတယ်။ ကျမ လက်ပေါ်က အဖတ် အတွန့်လေးတွေ တောက်လျှောက် ပါတယ် ။ ဘုန်းကြီးသင်္ကန်းကလည်း အဲ့လို အတွန့် အဖတ်တွေ ပါတာမှ မဟုတ်တာနော်။ ဘုန်းကြီးသင်္ကန်းက အဝတ်ကို ပတ်ပြီး ခြုံထားတဲ့ပုံစံ၊ အခုဝတ်စုံက အဲ့လို ခြုံထားတဲ့ပုံစံလည်း လုံးဝ မဟုတ်ဘူး” လို့ မေမြတ်ဝါဆိုက ဆိုပါတယ်။

ဆက်လက်ပြီး “အောက်က ရင်ပြတ်ကိုမှ ပုဝါလိုပတ်ထားတဲ့ ပုံစံလုပ်ထားတာ။ နောက်ကနေလည်း ခွဲထားပါတယ်။ ဘုန်းကြီး ပုံစံကို ကြည့်ပြီး အိုင်ဒီယာထုတ်ခဲ့တာ မဟုတ်ပါဘူး။ တူတယ် ထင်သွားတာတော့ စိတ်မကောင်းပါဘူး။ လုံးဝ ရည်ရွယ်ပြီး ချုပ်တာမျိုးတော့ မဟုတ်ပါဘူး။ တခြမ်းဖော်ထားကတော့ အဲ့လိုဖော်ထားတဲ့ ဝတ်စုံတွေလည်း အများကြီးပါ ၊ ရိုးတောင် ရိုးနေပါပြီ။ အရောင်တူတယ်လို့ ဖြစ်နေကြတာဖြစ်ပါလိမ့်မယ်”လို့ မေမြတ်ဝါဆိုက ပြောပါတယ်။

ဒီဇိုင်နာမေမြတ်ဝါဆိုက ပြည်တွင်းသာမက ပြည်ပပွဲတွေမှာပါ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ မကြာခဏ သွားရောက် ပြသ ွင့်ရတဲ့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ တဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပမှာ ပြသခဲ့တဲ့သူရဲ့ ဖက်ရှင်ဒီဇိုင်း များကိုလည်း အားပေးပြီး ကြိုက်နှစ်သက်ခြင်းခံရတဲ့ ဒီဇီုင်နာတဦး ဖြစ်ပါတယ်။

အခုလို မိုးယုစံရဲ့ ဝတ်စုံကိုမှ ဝေဖန်မှုတွေရှိလာတဲ့အတွက် ဒီဇိုင်နာ မေမြတ်ဝါဆိုက အဲဒီအပေါ်ကို အခုလိုပဲ ဆိုပါတယ်။

“အခုလိုပြောနေကြတဲ့အပေါ်မှာလည်း အစ်မအနေနဲ့ ဘာမှမပြောချင်ပါဘူး။ အကုန်လုံးက လွတ်လပ်စွာ ပြောခွင့် ရှိတယ်။ ကြိုက်တဲ့သူ ရှိတယ်။ မကြိုက်တဲ့ သူရှိတယ်။တချို့ကလည်း လိုက်တယ်။ သူ့အသားလေးနဲ့လည်း လှတယ်။ ပိတ်စ ဆိုင်တွေမှာလဲ မိုးယုအရောင်ဆိုပြီး ပြောနေကြတယ်။ အစ်မဆီမှာလည်း ကြိုက်လို့ လာအပ်ကြတာတွေ ရှိတယ်။ တဦး တယောက်ရဲ့ ခံစားချက်နဲ့ပြောတယ်ဆိုလည်း ပြောတယ် ပေါ့။အစ်မအနေနဲ့ စိတ်ဆိုးခြင်းလည်း မရှိပါဘူး ။အားလုံးက လွတ်လပ်စွာ ပြောခွင့်ရှိပါတယ်။ အဲ့အပေါ်မှာတော့အစ်မ ဘာမှမတုန့်ပြန်ပါဘူး”လို့ ပြောပါတယ်။

ဒီဇိုင်နာမေမြတ်ဝါဆိုက မကြာခင်မှာကျင်းပပြုလုပ်တော့မယ့် အမျိုးသမီးရေးရာ ဂုဏ်ပြုပွဲမှာလည်း အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Indonesia Fashion Week Show မှာ ပြသခဲ့တဲ့ ဝတ်စုံများကို ပြန်လည်ပြသသွားမယ်လို့ သိရပါတယ်။

Loading