နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် အဆိုတော် ရွှေထူးဟာ ယခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းကို လုပ်လာတာ ရှိပေမယ့် ဂီတပိုင်းမှာလည်း ပရိသတ်အတွက် လစ်ဟာမှုတွေ မရှိရအောင် ကြိုတင်ပြင်ဆင်ပြီးတော့ သီချင်းတွေ ကြိုလုပ်ထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ဂီတဘက်မှ အဆက်ပြတ်သွားတာမျိုးတော့ မရှိနိုင်ဘူး။ ရုပ်ရှင် မရိုက်ခင်ကတည်းက ကျနော် ဂီတဘက်မှာ သီချင်းအသစ် ၁၁ ပုဒ်လောက် တခွေစာပဲ ကြိုလုပ်ထားတယ်။ ဟိုတလောက “ခလုတ်” သီချင်း Music Video အွန်လိုင်းမှာ တင်ပေး ထားတယ်။ ပရိသတ်ဘက်က သီချင်းအသစ် လိုအပ်လာပြီဆိုရင် ကျနော်က သီချင်းအသစ်တပုဒ် ထပ်ပေးဖို့ အဆင်သင့်ပါပဲ”လို့ အဆိုတော် ရွှေထူးက ပြောပါတယ်။
မကြာခင်မှာလည်း ရွှေထူးက သူ့ရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရဲတိုက်၊ ဒေါင်း ၊ ဝတ်မှုံရွှေရည်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ စာရေးဆရာတယောက်အနေနဲ့ သရုပ်ဆောင်ရမှာဖြစ်ပြီး ပြင်ဆင်မှုပိုင်းနဲ့ ပတ်သက်ပြီး ရွှေထူးက ဧရာဝတီကို အခုလို ဆိုပါတယ်။ “အဲဒီတော့ စာရေးဆရာရဲ့ သွားပုံလာပုံလှုပ်ရှားပုံ ပြီးတော့ နေပုံထိုင်ပုံ ပြောပုံဆိုပုံ တွေကို လေ့လာဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့ သူတို့ရဲ့ စိတ်နေစိတ်ထားတွေကို လေ့လာဖို့လိုပါသေးတယ်” လို့ ဆိုပါတယ်။
ရွှေထူးကတော့ သရုပ်ဆောင ်စတင်လုပ်ကိုင်ကတည်းက နာမည်ကြီး သရုပ်ဆောင်များနဲ့ သရုပ်ဆောင်ရတဲ့အပေါ်မှာ သူ့အတွက် ဝမ်းသာပျော်ရွှင်ရသလို စိန်ခေါ်မှုတွေလည်း ဖြစ်စေတယ်လို့ ပြောပါတယ်။
“အကောင်းဘက်က ကြည့်ရင် ပျော်တယ်။ မြန်မြန်ဆန်ဆန် Support ပေးတဲ့သူတွေ ရှိလာတယ်။ နာမည်ကြီးမင်းသား၊ မင်းသမီးတွေက ကိုယ်နဲ့ဆို တွဲရိုက်ပေးကြတယ် ဆိုတဲ့အပေါ်မှာတော့ ဝမ်းသာတယ်။ ပီတိဖြစ်တယ်။ နည်းနည်းလေး အဆိုးဘက်က တွေးမယ်ဆိုရင်တော့ အသစ်တယောက်အနေနဲ့ အရမ်းစိတ်ခေါ်မှု ကြီးမားလွန်းတယ်လို့ ခံစားရတယ်”
“ပထမစရိုက်တဲ့ကားက ကိုနေတိုး၊ ဒုတိယကားက ရွှေမှုံရတီ ၊ ဖြိုးငွေစိုး၊ တတိယကားကျပြန်တော့ ကိုရဲတိုက်၊ ဒေါင်း ၊ ဝတ်မှုံရွှေရည် တို့ပေါ့။ အဲဒီလိုဆိုတော့ စိန်ခေါ်မှုကြီးတာပေါ့” လို့ ရွှေထူးက ပြောပါတယ်။
ရွှေထူးက မင်းသားတယောက်ဖြစ်နေပြီလား ဆိုတာကိုတော့ “မင်းသား တယောက်တော့ မဖြစ်သေးပါဘူး။ သရုပ်ဆောင်ပေါ့”လို့ လည်း ပြောခဲ့ပါတယ်။
အဆိုတော် ရွှေထူးဟာ တကိုယ်တော်အခွေ ၂ခွေ ထွက်ရှိထားပြီး အဆိုဘက်မှာလည်း အောင်မြင်နေပြီး သရုပ်ဆောင် တယောက် အနေနဲ့ကလည်း “ပက်ပက်စက်စက်ညှို့”၊ “ဧည့်သည်” နဲ့ ယခု “ဒဏ္ဍာရီမိုး”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်နေတဲ့သူ တယောက်ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “ငယ်ငယ်တည်းက ရုပ်ရှင်ပိုး ပါခဲ့လို့ သရုပ်ဆောင် လုပ်ဖြစ်တာ” ဆိုတဲ့ ရွှေထူး