ဟောလိဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ အန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့ အုပ်ထိန်းခွင့်ရရှိရေး တိုက်ပွဲဟာ တည်ငြိမ်မယ့် ပုံတော့မရှိသေးပါဘူး။ အကြောင်းကတော့ “Maleficent 2” ဆိုတဲ့ ရုပ်ရှင်အသစ်အထိ မိသားစုအရေးကို ဂျိုလီက သယ်ဆောင်လာတာကို ဘရပ်ပစ်အနေနဲ့ ဆန့်ကျင်နေတာဟ မင်းသမီးရဲ့ ဒေါသကို ဆွပေးရာရောက်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
“Fury” ရုပ်ရှင်မင်းသား ဘရက်ပစ်ဟာ သူတို့နှစ်ဦးရဲ့ သမီးလေး Vivienne ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ နာမည် ကျော်ခဲ့တဲ့ အဲဒီ Disney နောက်ဆက်တွဲ ရုပ်ရှင်မှာ သူတို့ရဲ့ ကလေးနှစ်ဦးဖြစ်တဲ့ Shiloh နဲ့ Knox တို့ကို ပါဝင်ခွင့်မပြုဘူး လို့ဆိုပါတယ်။
သတင်းရင်းမြစ်တခုက “သူ(ဘရက်ပစ်) ဟာ ‘Maleficent 2’ မှာ Shiloh နဲ့ Knox တိုကို ထည့်သွင်းမယ်ဆိုတဲ့ သူ့(ဂျိုလီ) ရဲ့ အစီအစဉ်ကို လက်ခံဖို့ ငြင်းဆန်ထားပါတယ်။ ကလေးတွေဟာ နယ်ရုပ်တွေလို အသုံးချခံနေရတာပါ” လို့ Daily Mail သတင်းစာကို ပြောကြားခဲ့ပါတယ်။
ကလေးတွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ တွဲဖက်သရုပ်ဆောင် Elle Fanning နဲ့အတူ ရုပ်ရှင်ရိုက်ကူး နေတဲ့ လန်ဒန်မြို့မှာ ဂျုလီနဲ့အတူ ရှိနေကြပြီး မကြာခင် ဖခင် ဘရက်ပစ်နဲ့အတူ လော့စ်အင်ဂျလိစ်ကို ပြန်သွားကြဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျိုလီဟာ အမည်မသိရသော အကြောင်းပြချက်ကြောင့် အစီအစဉ်တွေကို ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။
သတင်းပေးပို့ချက်တွေမှာတော့ လန်ဒန်မှာ ဂျိုလီရှိနေချိန်အတွင်း သူတို့နှစ်ဦးကြားက မိဘအုပ်ထိန်းမှု သဘောတူညီချက် အသေးစိတ် အချက်အလက်တွေကို ဝေမျှခဲ့ကြပါတယ်။ မင်းသား ဘရက်ပစ်ဟာ ဇွန်လ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကာလမှာ စိတ်ပညာရှင်တဦးရဲ့ အရှေ့မှာပဲ တနေ့ကို ၄ နာရီကြာ ကလေးတဦး ဒါမှမဟုတ် နှစ်ဦးရဲ့ အတူနေထိုင်ခွင့် ရမှာ ဖြစ်ပါတယ်။
ဇွန်လ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိကာလမှာတော့ သူဟာ စိတ်ပညာရှင်တဦးရဲ့ ရှေ့မှာပဲ တနေ့ကို ၁ဝ နာရီလောက် တိုးမြင့်ပြီး ကလေးတွေဆီ လည်ပတ်နိုင်မှာဖြစ်ပါတယ်။
“Maleficent 2” ရုပ်ရှင်မှာတော့ Chiwetel Ejiofor, Robert Lindsay, Ed Skrein, Harris Dickinson နဲ့ Sam Riley တို့က ဦးဆောင်ပါဝင်ကြမှာ ဖြစ်ပါတယ်။ “Maleficent 2” ဇာတ်လမ်းအကြောင်းအရာကတော့ Disney ရဲ့ အရက်စက်ဆုံး စုန်းမကြီး Maleficent က မင်းသမီးလေး Aurora ကို ကျိန်စာတိုက်ခဲ့အပြီး နှစ်ပေါင်းများစွာ ကြာခဲ့ပြီးတဲ့အချိန်ကို ဇာတ်အိမ် တည်ထားပါတယ်။
ဒီရုပ်ရှင်မှာတော့ စုန်းမကြီး Maleficent နဲ့ ဘုရင်မ ဖြစ်လာမယ့် မင်းသမီးလေးတို့ကြားက ရှုပ်ထွေးတဲ့ ဆက်နွယ်မှုကို ဖော်ထုတ်ရမှာဖြစ်ပြီး ထူးဆန်းတဲ့ သတ္တဝါဆိုးတွေထံကနေ သူတို့ကျင်လည် ကျက်စားရာ လယ်ကွင်းပြင်တွေကို ကာကွယ်ဖို့ အဖွဲ့တချို့နဲ့ မဟာမိတ်ဖွဲ့ကာ ကြိုးစားကြတဲ့အကြောင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Ref: aceshowbiz